(ငဖဲ)၊ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၉ ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နောင်ကျေးရွာကို စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် အသက်ကြီးပိုင်း ချင်းအမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

နောင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့ ဇူလိုင်လ ၁၈ ရက်နေ့၊ မနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်၏ နတ်ရေကန်ဗျူဟာကုန်းမှ ဒရုန်းဖြင့် ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“နတ်ရေကန်းကနေ ဒရုန်းနဲ့ ဗုံးသီးနှစ်လုံး ကြဲချသွားတာပါ။ တစ်လုံးက ရွာပြင်မှာ ကျပေါက်ကွဲတဲ့အတွက် ထိခိုက်မူမရှိဘူး။ တစ်လုံးက ရွာထဲက လူနေအိမ်တည့်တည့်ကျ ပေါက်ကွဲသွားတယ်။ အသက် ၈၀ ကျော်အဘွားတစ်ယောက် သေဆုံးသွားတယ်။ နောက်ထပ်အမျိုးသမီးတစ်ယောက်လည်း ဒဏ်ရာရတယ်” ငဖဲဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုအပြင် လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးသွားကြောင်း သိရှိရသည်။

“ဗုံးသီးထိမှန်တဲ့ နေအိမ်တစ်လုံးကတော့ လုံးဝ ပျက်စီးသွားပါတယ်။ အိမ်တွင်းပစ္စည်းပါ မကျန် ပျက်စီးသွားပါတယ်။ အဲအနီးအနားမှာရှိတဲ့ နေအိမ် နှစ်လုံးလောက်လည်း ထရံတွေ၊ အမိုးတွေ၊ ပြတင်းပေါက်တွေ ဗုံးစထိမှန်လို့ ပျက်စီးသွားတယ်” ဟု ဖြစ်စဉ်သိရှိသည့်ဒေသခံက ထပ်မံပြောဆိုသည်။

နောင်ရွာသည် စစ်ကောင်စီတပ်၏ နတ်ရေကန်ဗျူဟာကုန်း အောက်ဘက်ရှိ မီတာ ၃,၀၀၀ ခန့်အကွာတွင် တည်ရှိပြီး အိမ်ခြေ ၂၀ ခန့်ရှိကာ ချင်းလူမျိုးများနေထိုင်သည့် ကျေးရွာဖြစ်သည်။

ယခုကဲ့သို့ နိုင်ငံအနှံ ကျူးလွန်နေသည့် ရာဇဝတ်မူနှင့် အပြစ်မဲ့အရပ်သားများကို သတ်ဖြတ်ပြီး လူသားမျိုးနွယ်စုအပေါ် ပြစ်မူကျူးလွန်နေသည့် လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချကြောင်း CDF Asho က ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။