ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၉ ရက်

တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော အားကောင်းသောအပူပိုင်းမုန်တိုင်းဝီဖာ ( WIPHA) အရှိန်နှင့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့်ဇူလိုင် ၂၁ မှ ၂၆ ရက်နေ့အတွင်း တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးကြီးနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ယနေ့ညပိုင်းတွင်ထုတ်ပြန်သည်။

အဆိုပါအပူပိုင်းမုန်တိုင်းဝီဖာသည် အနောက်ဘက်သို့ရွေ့လျားနိုင်ပြီး ဇူလိုင် ၂၀ ရက်နေ့တွင် တရုတ်နိုင်ငံတောင်ပိုင်းကမ်းခြေသို့ဦးတည်ရွေ့လျားနေကာ ၂၂ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းဒေသများသို့ ဆက်လက်ဖြတ်ကျော်နိုင်မည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

ယင်းမုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များအရှိန်နှင့် မုတ်သုံလေအားကောင်းနေမှုကြောင့် ၂၁ ရက်မှ ၂၆ ရက်အတွင်း တိုင်းနှင့်ပြည်နယ်အချို့တွင် ဒေသအလိုက်နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း သတိပေးထားသည်။

နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယား၊ကရင်၊ မွန်၊ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်မိုးထစ်ချုန်းရွာ မည်ဖြစ်ကြောင်းထုတ်ပြနထားသည်။

မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်းပါဝင်သည်။

မြန်မာကမ်းရိုးတန်းတစ်လျှောက် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီကမ်းရိုးတန်းအပါအဝင် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်သည့်အတွက် သတိပြုရန်နှိုးဆော်ထားသည်။

ထို့ပြင်မိုးသက်လေပြင်းကျချိန် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိတိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်ပေ ၉ ပေမှ ၁၂ ပေခန့်ရှိမည်ဖြစ်သည်။
ဓာတ်ပုံ – မိုး/ဇလ၊ ဧရာဝတီတိုင်းမ်