
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇူလိုင် ၁၄ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့ အရှေ့ဘက်ခြမ်း ထိုင်း – မြန်မာ နယ်စပ်ရှိ နတ်အိမ်တောင်စခန်းသို့ အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄) နှင့် တော်လှန်ရေးပူးပေါင်းတပ် များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
KNLA တပ်မဟာ( ၄) ပူးပေါင်းတပ်သည် နတ်အိမ်တောင်စခန်းသို့ အင်အားဖြည့်တင်းရန်လာသော စစ်ကောင်စီတပ်ကို ဇူလိုင် ၁၁ ရက် နှင့် ဇူလိုင် ၁၂ ရက်တို့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်ကြီး အောင်ကိုဟိန်း အပါဝင် လေးဦးသေဆုံးကာ သေနတ် နှစ်လက် သိမ်းဆည်းရမိကြောင်း KNU တပ်မဟာ (၄) ထံမှ သိရသည်။
“တိုက်ပွဲ ဖြစ်တာက E1 (အရပ်ခေါ်) နားမှာဖြစ်တာပါ။ ကလိန်အောင်မြို့ အပိုင်ထဲမှာပေါ့။ နပ်စပ် မဟုတ်သေးဘူး။ နတ်အိမ်တောင် ရောက်ဖို့က အဝေးကြီးလိုသေးတယ်။ တိုက်ပွဲ ၂ ရက်အတွင်း သူတို့ (စစ်ကောင်စီ) ဘက်က လေး ဦးသေတယ် ။ နှစ်ဦးဒဏ်ရာရတယ်။ သေတဲ့ အထဲမှာ စစ်ကြောင်းကို ဦးဆောင်နေတဲ့စစ်ကြောင်းမှူး တပ်ခွဲမှူး အောင်ကိုဟိန်း လည်းပါတယ်။ လက်နက်က နှစ်လက် ရတယ်” ဟု KNU တပ်မဟာ (၄) မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားကဧရာဝတီတိုင်းမ် ကိုပြောသည်။
နတ်အိမ်တောင်နယ်စပ်စခန်းသို့ အင်အားဖြည့်တင်းရန်လာသော အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို ဇူလိုင်လ ၁၁ ရက် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် စတင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ် ဦး သေဆုံး ခဲ့ကြောင်း သိရသည်။
ဇူလိုင် ၁၂ ရက် နံနက် ၇ နာရီကျော်ခန့်တွင်လည်း ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံး၍ နှစ်ဦး ဒဏ်ရာရ ရှိခဲ့ပြီး ယင်းနေ့ ညနေ ၅ ကျော်တွင် ထပ်မံတိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း KNU တပ်မဟာ (၄) ၏ ထုတ်ပြန်ချက်အရ သိရသည်။
နတ်အိမ်တောင်နယ်စပ်စခန်းသို့ စစ်ကြောင်းထိုးလာသော တပ်ရင်း များမှာ ခလရ -၂၈၂၊ ၂၇၃၊ ၄၀၈၊ ၄၀၉၊ ၄၁၀ တပ်ရင်း တို့ဖြစ်ကြောင်းသိရသည်။
“တပ်ရင်း (၅) ရင်း နဲ့ စစ်ကြောင်းထိုးလာတာပါ ။ခန့်မှန့် အင်အားက ၅၀ နဲ့ ၁၀၀ အကြားရှိတယ်။ ဇူလိုင် ၁၃ ရက်နေ့ မှာတော့ တိုက်ပွဲဖြစ်သံမကြားရသေးဘူး။ ဒါပေမဲ့ တိုက်ပွဲ ကဆက်ဖြစ်နိုင်တဲ့ အလား အလာရှိတယ်။ စစ်ကောင်စီစစ်ကြောင်းက နောက်ကိုတော့ ဆုတ်နေပြီ။ သူတို့ဘက်က ထပ်ပြီး ထိုးစစ်ဆင်ရင်တော့ ကျွန်တော်တို့ဘက်ကလည်း ပြန်ခုခံရမယ်” ဟု ပဒိုစောအယ်နားက ဆက်လက် ပြောကြားသည်။
တနင်္သာရီတိုင်း ၊ ထီးခီးဒေသ ရေဖြူမြို့ အရှေ့ဘက်ခြမ်းရှိ ထိုင်း – မြန်မာ နယ်စပ်မျဥ်းပေါ်တွင် နတ်အိမ်တောင် စခန်းတစ်ခုသာ ကျန်ရှိနေပြီး စစ်ကောင်စီက အဆိုပါ နယ်စပ်စခန်း မကျစေရန်အတွက် ယခုရက်ပိုင်းတွင် အပြင်းအထန် ထိုးစစ်ဆင်လာနေခြင်းဖြစ်ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များ အရသိရသည်။
ဓာတ်ပုံ ၊ KNU
ပုံစာ-နတ်အိမ်တောင် နယ်စပ်စခန်းသို့ အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်မှ သိမ်းဆည်းရမိသော လက်နက် နှစ်လက်အားတွေ့ရစဥ်။