ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇူလိုင် ၁၄ ရက်

တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ပယရွာတွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးကို ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက် ညနေ ၆ နာရီခန့်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ နှင့်ပတ်သက်သည်ဟု စွပ်စွဲ၍ မောရဝတီရေတပ်က ဖမ်းဆီးသွားကြောင်းဒေသခံများထံမှ သိရသည်။

စစင်္စတပ်၏ ဖမ်းဆီးခြင်းခံရသူမှာ လောင်းလုံးမြို့နယ်တွင်နေထိုင်သည့် အသက် ၂၀ ဝန်းကျင်အမျိုးသား တစ်ဦးဖြစ်ပြီး ရှားကုန်းလမ်းအကွေ့တွင် စစ်ကောင်စီတပ်က ဆိုင်ကယ်ကိုတားဆီး၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အဲဒီလူငယ်က ခွေးမဖောရွာဘက် ကနေ ပယ ကို ဆိုင်ကယ် နဲ့လာတာပါ။ ရှားကုန်း လမ်းကွေ့ မှာမောရဝတီ ရေတပ်က ဖမ်းလိုက်တာပါ။အဖမ်းခံရတဲ့ သူက ဒီရွာဘက်ကမဟုတ်ဘူး။ တော်လှန်ရေး နဲ့ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ဖမ်းဆီးလိုက်တာပါ”ဟု ပယရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်က အဆိုပါလူငယ်ကို ဖမ်းဆီးစစ်ဆေးပြီးနောက် ကားဖြင့်တင်၍ မောရဝတီရေတပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

“အဲဒီကောင်လေးကို ပထမဆုံး စစ်တပ်က ရဲဘော်တစ်ယောက် စစ်ဆေးတယ်။ စစ်ဆေးနေတဲ့အချိန် အနီးနား အိမ်တွေကကြည့်နေတာပေါ့။ အဲဒါကို အရာရှိတစ်ယောက်က အားလုံးတံခါးပိတ်ပြီး အိမ်ထဲမှာ ဝင်နေကြ။ ကိုယ်နဲ့မဆိုင်ရင် အေးဆေးနေကြလို့ပြောတယ်။ ခဏကြာတော့ အရာရှိက သူနေနေတဲ့ အိမ်ထဲကနေထွက်လာပြီး ကောင်လေးရဲ့ ခေါင်းကို မြွေခွံအိပ်နဲ့စွပ်ပြီး ကားပေါ်တင်သွားတယ်။ ကောင်လေးကလည်း အကျယ်ကြီးပဲ အော်ငိုနေတာကို ကြားရတယ်။ ညတွင်းချင်းပဲ မောရဝတီ ရေတပ်ကို ခေါ်သွားတယ်” ဟု ပယရွာ ဒေသခံတစ်ဦးက ဆက်လက်ပြောကြားသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇွန် ၁၈ ရက်နေ့ကလည်း ပယရွာရှိ ဇနီးမောင်နှံနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး ယနေ့အချိန်အထိ အဆက်အသွယ် မရသေးသောကြောင့် မိသားစုဝင်များမှာ စိုးရိမ်လျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။

ပုံစာ-ပယရွာ လယ် လမ်းမတန်းတစ်နေရာကို တွေ့ရစဥ် ( ပုံဟောင်း)