ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇူလိုင် ၁၄ ရက်

တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့ အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီ၏ ခလရလောင်းလုံး နတ်အိမ်တောင်နဲ့ အမြောက်ကုန်းလှုပ်ရှားတပ်ခွဲ တပ်ခွဲမှူး ဗိုလ်ကြီးဇော်ဇော်အောင် သည် ဇူလိုင်လ ၁၃ ရက် နေ့တွင် KNU တပ်မဟာ ၄ တပ်ရင်း ၁၀ သို့ ဘက်ပြောင်းခိုလှုံလာကြောင်း သတင်းရရှိသည်။

ဗိုလ်ကြီး ဇော်ဇော်အောင်အနေဖြင့် စစ်အုပ်စု လက်ရှိကျင့်သုံးနေသည့် စနစ်နှင့်လုပ်ကိုင်ဆောင်ရွက်ပုံ နည်းလမ်းများကို လက်မခံနိုင်တော့သည့်အတွက် ပြည်သူ့ရင်ခွင်သို့ခိုလှုံကာ KNLA တပ်ရင်းသို့ ဘက်ပြောင်းလာသည့်အတွက် KNU တပ်မဟာ( ၄ )မှ ဝမ်းမြောက်ဂုဏ်ယူစွာ နှင့် နွေးထွေးစွာကြိုဆိုကြောင်း ထုတ်ပြန်ထားသည်။

ဗိုလ်ကြီးဇော်ဇော်အောင် သည် လောင်းလုံးမြို့အခြေစိုက် ခလရ – ၁၀၄ တပ်ရင်း မှဖြစ်ပြီး နတ်အိမ်တောင် နှင့် အမြောက်ကုန်းလှုပ်ရှားတပ်ခွဲတွင် တပ်ခွဲမှူးရာထူး ဖြင့် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်းသိရသည်။

“သူက လက်နက်ခဲယမ်းမပါဘူး။တစ်ယောက်တည်းပဲ။ ဒါပေမယ့် တပ်ခွဲမှူးအဆင့်ပေါ့နော်။သူက ခလရ – ၁၀၄ တပ်ရင်းကပါ။ အခုအလင်းဝင်လာတဲ့ဗိုလ်ကြီး က နတ်အိမ်တောင်စခန်းမှာ လှုပ်ရှားတပ်ခွဲတစ်ခွဲ ဖြစ်တယ်။သူက ရှေ့ဆက်ဘာလုပ်သွားမလဲဆိုတာတော့ ကျနော်တို့လည်း မသိဘူး” ဟု KNU မြိတ် − ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဗိုလ်ကြီးဇော်ဇော်အောင် သည် သုခစစ်ကောင်စီစခန်းမှ အလင်းဝင်လာသည့် ဗိုလ်ကြီးမျိုးဆွေဦး (ခ) စောမိုးဇက်နဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

“ဗိုလ်ကြီး မျိုးဆွေဦး နဲ့ချိတ်ဆက်ပြီး အလင်းဝင်ရောက်လာတာပါ။ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်သားတွေ ဆက်လက်အလင်းဝင်ရောက်လာဖို့ ရှိမရှိကိုတော့ စောင့်ကြည့်ရဦးမည်”ဟု ပဒိုစောအယ်နားက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းက အလင်းဝင်ရောက်ခဲ့သည့် ဗိုလ်ကြီးမျိုးဆွေဦး (ခ) စောမိုးဇက် ကလည်း စစ်ကောင်စီတပ်သားများအနေဖြင့်
အမြန်ဆုံးစဉ်းစားဆုံးဖြတ်ပြီး မှန်ကန်သည့်ဘက်က ရပ်တည်ပေးကြရန် ဇူလိုင် ၁၃ ရက်နေ့က ၄င်း၏လူမှုကွန်ယက် စာမျက်နှာမှတစ်ဆင့် ပြောဆိုထားသည်။

ဓာတ်ပုံ ၊ KNU

ပုံစာ – အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ဇော်ဇော်အောင် (ညာစွန်)