
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၃ ရက်
ရှမ်းမြောက်၊ နောင်ချိုမြို့ကိုပြန်လည်သိမ်းပိုက်ရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များ ဂုတ်ထိပ်တံတားအနီးထိ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နေ့က စစ်ကောင်စီတပ်များ နောင်ချိုမြို့အဝင် ဆိုင်းဘုတ်အနီးထိ ချဉ်းကပ်လာနိုင်ပြီး ကုန်းစံရွာကိုလည်း သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
“ဂုတ်တွင်းကားလမ်းရဲ့ အပေါ်ဘက်တောင်ကြောကို စစ်ကောင်စီက စိုးမိုးနေရာယူနိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ကုန်းစံရွာကိုသိမ်းပြီး ဂုတ်ထိပ်ဘက်ကို ဆက်ပြီးထိုးစစ်ဆင်နေတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်ရွာရှိ သီပေါမြို့နှင့် ဆက်သွယ်ထားသည့် မန္တလေး-လားရှိုးရထားလမ်းပိုင်း ဂုတ်ထိပ်တံတား တစ်ဖက်ခြမ်းသို့ စစ်ကောင်စီတပ်များ နေရာယူလာကြောင်း သိရသည်။
စစ်ကောင်စီသည် နောင်ချိုကို စစ်မျက်နှာသုံးခုခွဲ၍ ပိတ်ဆို့တိုက်လိုက်လာခြင်းဖြစ်ကြောင်း စစ်သတင်းရင်းမြစ်ထံမှ သိရသည်။
တပ်မ ၁၁ (အင်းတိုင်)နှင့် တပ်မ ၅၅ (ကလော)စစ် ကြောင်းသည် ကံကြီးမျက်ချင်းနုကျေးရွာမှတစ်ဆင့် နမ့်ဆောင်ဟူး ဒုံးတပ်ရင်း ၆၀၆ မှ မြို့တွင်းသို့စစ် ကြောင်းတစ်ကြောင်း၊ အရှေ့မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်၏ တပ်ပျက်များနှင့် စုစည်းထားသည့် တပ်နှင့် တောင်ခမ်းအမြောက်အုပ်စုမှ ဂုတ်ထိပ်သို့တစ်ကြောင်း၊ စကခ ၁၂ (ကော့ကရိတ်)၏တပ်များဖြင့် ရှေ့တိုးလာသည့် ကျောက်ကြမ်းကွေ့ စစ်ကြောင်းတို့ဖြင့် စစ်ကောင်စီက နောင်ချို့မြို့အတွင်း စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
ယခုဂုတ်ထိပ်သို့ ရောက်ရှိလာသည့်စစ်ကြောင်းသည် ရမခတပ်ပျက်များနှင့် တောင်ခမ်းအမြောက်အုပ်စုတို့ စုစည်းထားခြင်းဖြစ်ပြီး နောင်လင်တွင်စစ်ကြောင်းထိုင်ကာ ရွှေပြည်ညွန့်မှတစ်ဆင့် ဂုတ်ထိပ်သို့တိုးလာခြင်းဖြစ်သည်။
စစ်ကောင်စီက စစ်အင်အား ၇၀၀၀ ခန့်ဖြင့် သာလွန်အင်အားသုံးကာ လက်နက်ကြီးပစ်အား လေကြောင်း အဓိကသုံး၍ ဒရုန်းများဖြင့်စုဖွဲ့၍ တိုက်စစ်ဆင်လာခြင်းဖြစ်သည်။
နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်း၊ ကျောက်တော၊ နမ့်ပါတပ်၊ ကျောက်ပြုတ်၊ နားမုံနှင့် ရေမောင်းတန်းရွာများဘက်တွင်လည်း နှစ်ဖက်တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက စစ်ကူနှင့်ပစ်ကူများ ဆက်တိုက်ပေးနေကြောင်း သိရသည်။
ဓာတ်ပုံ-TNLA