ထန်တလန်မြို့ကို နေရာပြောင်းရွှေ့ဖို့ စစ်ကောင်စီ ပြင်ဆင်‌နေမှုအပေါ် မြို့ခံများကန့်ကွက်

အေးစီ/ ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၃၀ ရက်

ချင်းပြည်နယ်၊ ထန်တလန်မြို့ကို စစ်​ကောင်စီက ပြန် လည်ထူထောင်ရေးမလုပ်ဘဲ နေရာပြောင်းရွှေ့ရန် ပြင်ဆင်နေမှုကို မြို့ခံများက လက်မခံကြောင်း ပြောဆိုသည်။

ထန်တလန်မြို့မှ မိုင် ၅၀ ဝန်းကျင်အကွာ အိန္ဒိယ- မြန်မာနယ်စပ် သီအိုရ်ချောင်းဘေးတွင်တည်ရှိသော ‌ဒေါင်ရွာသို့ ပြောင်းရွှေ့ရန် ချင်းပြည်နယ်စစ်ကောင်စီက ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

“‌သူတို့က ထန်တလန်ကိုအိမ်တွေပြန်မဆောက်တော့ဘူးပေါ့။ အဲ့ဒီဒေါင်ရွာမှာ မြေတွေကိုအကွက်သစ်ရိုက်ပြီး လူနေဖို့စီစဥ်ပေးမယ်လို့သိရတယ်။ စစ်ကောင်စီမှ နေအိမ်များ မီးရှို့ဖျက်ရုံသာမကလို့ အခုလိုမြို့ကိုပါ ရွှေ့ပြောင်းဖို့ လုပ်တာကတော့ မြို့ခံတစ်ဦးအနေနဲ့ သဘောတူ လက်ခံတာတော့ ဝေးမှဝေး‌၊ ‌မြို့ခံပြည်သူများကို လူလို့တောင် သူတို့မမြင်တော့ဘူး၊

လုပ်ချင်ရာလုပ်လို့ရတဲ့ တိရိစ္ဆာန်လို့ ကျွန်မတို့ကိုမြင်တယ်လို့ဘဲပြောလိုက်ချင်တယ် အရမ်းစိတ်နာရပါတယ်” ဟု ဒေသခံတစ်ဦးအမျိုး သမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြော သည်။

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့တွင် ပြုလုပ်သော ချင်း ပြည်နယ်စစ်ကောင်စီ အစည်းဝေးတွင် မြို့လုံးကျွတ်နီးပါးပြာကျသွားသည့် ထန်တလန်မြို့ကို ပြန်လည်တည် ထောင်မည့်အစား တစ်ခြားနေရာသို့ ပြောင်းရွှေ့ရန် တင်ပြရာ ဒေါင်ရွာသို့ရွှေ့ရန် တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီကပြောင်းရွှေ့ရန်ပြင်ဆင်နေသော်လည်း မြို့ခံများအနေဖြင့်လိုက်လံပြောင်းရွှေ့မည်မဟုတ်ဘဲ ထန်တလန်မြို့ပြန်လည်ထူထောင်ရေးကိုသာ လုပ်ဆောင်မည်ဖြစ်ကြောင်း ဒေသခံတဦးကပြောသည်။

” စစ်ကောင်စီက ဘယ်နေရာမှာ ဘယ်လိုမျိုးနဲ့ ပြန်ထူ ထောင်တာ၊ ပြောင်းရွှေ့တာတွေ လုပ်နေပါစေ ကျွန်မတို့က လိုက်နေမှာ မဟုတ်ဘူး၊ ကိုယ့်ဆန္ဒ ကိုယ်အင်အား ကိုယ့်စိတ်ကြိုက် တည်ထောင်တဲ့ ထန်တလန်မြို့က ကျွန်မတို့အတွက် အကောင်းဆုံးဖြစ်ပါတယ်။ ခုမြို့မှထွက်တာလည်း စစ်ကောင်စီထွက်ခိုင်းလို့ ထွက်တာမဟုတ်ဘူး ပြည်သူ့ကာကွယ်ရေးတပ်က

အန္တရာယ်ရှိလို့ဆိုပြီးထွက်တာ၊ မြို့ခံပြည်သူများအားလုံး ကိုယ်ရှိတဲ့နေရာကနေ ကိုယ့်မြို့ကို အချိန်တန်ရင် ကိုယ့်ဆန္ဒနဲ့ ပြန်လည်တည်ထောင်တည်ဆောက်ဖို့ ပြင်ဆင်နေကြပါတယ်” ဟုအမည်မဖော်လိုသူဒေသခံတဦးကပြောသည်။

ဒေါင်ရွာသည်အိမ်ခြေ ၂၅၀ ဝန်းကျင်သာရှိပြီး ထန်တလန်မြို့၏ အိမ်ခြေ၊လူဦးရေနှင့်များစွာကွာဟနေသဖြင့် နေရာချထားရေးအတွက်လည်း လုံလောက်မှုမရှိနိုင်ကြောင်းလည်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

ထန်တလန်မြို့သည် အိမ်ခြေ ၂၃၅၀ နှင့် လူဦးရေ ၁ သောင်းကျော်နေထိုင်သည့်မြို့ဖြစ်ပြီး ဒေါင်ရွာနှင့် မိုင် ၅၀ ဝန်းကျင်ကွာဝေးကာ ဆိုင်ကယ်ဖြင့်မောင်းနှင်ပါက ၅ နာရီခန့်မောင်းနှင်ရသည်ဟု ဆိုသည်။

ထန်တလန်မြို့သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလနောက်ဆုံးအပတ်မှစ၍ အကြိမ်ရေ ၃၀ ထက်မနည်း စစ်ကောင်စီတပ်၏မီးရှို့ဖျက်ဆီးမှုကြောင့် မြို့လုံးကျွတ်နီးပါးပျက်စီးခဲ့ရပြီး လက်ရှိအချိန်ထိ မြို့ပေါ်တွင်လူနေ ထိုင်မှုမရှိတော့ဘဲ နီးစပ်ရာကျေး ရွာဒေသများနှင့် အခြားဒေသများသို့ပြောင်းရွှေ့နေထိုင်နေကြရကြောင်း ဒေသခံများထံကသိရသည်။

#ထန်တလန် #စစ်ကောင်စီ #ပြောင်းရွှေ့ရန် #စီစဥ်မှု #ဒေသခံများ #ကန့်ကွက် #Ayeyarwaddy_Times