
မောင်တောတွင် AA နှင့်စစ်ကောင်စီ တိုက်ပွဲဆက်ဖြစ်နေပြီး အခြားမြို့နယ်များတွင်လည်း အချိန်မရွေး တိုက်ပွဲဖြစ်နိုင်သည်အထိ စစ်ရေးတင်းမာနေ
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၃ဝ ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ခမောင်းဆိပ်အနီး နယ်ခြားရဲဗျူဟာကုန်းအနီးတွင် ရက္ခိုင့်တပ်တော် – AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အခြားသောမြို့နယ်များတွင်လည်း အချိန်မရွေး တိုက်ပွဲဖြစ်နိုင်သည်အထိ စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။
ရက္ခိုင့်တပ်တော် – AA က မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဗျူဟာကုန်းကို သြဂုတ်လ ၂၇ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်ကလည်း AA တပ်စွဲထားသည်ဟုယူဆသော နေရာများသို့ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
မြောက်ဦးမြို့တွင်လည်း သြဂုတ်လ ၂၈ ရက်နေ့က AA အဖွဲ့မှ စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် ခဲ့ရာ မြောက်ဦးမြို့ပေါ်ရှိ တပ်ရင်းများက လက်နက်ကြီးများဖြင့် ရခိုင်ရွာများသို့ ရမ်းသတ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။
အခုက ရခိုင်မြောက်ပိုင်းမှာ မောင်တောနဲ့ မြောက်ဦးမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်။ တခြား ရသေ့တောင်တို့ဆိုရင်လည်း စစ်ကောင်စီတပ်နဲ့ AA တပ်တွေ ၂ ဖက် ဆိုင်နေတဲ့နေရာက မီတာ ၈၀၀ လောက်ပဲ ဝေးတော့တယ်။ စစ်ရေးတင်းမာမှုက အမြင့်ဆုံးမှာရှိတယ်။ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တဲ့အခြေအနေ ရောက်နေတယ်ဟု ရသေ့တောင်မြို့နယ်မှ
ဒေသခံအမျိုးသား ၁ ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မောင်တောမြို့နယ်၊ ခမောင်းဆိပ်မြို့ရှိစစ်ကောင်စီဗျူဟာကုန်အား ဩဂုတ်လ ၂၆ ရက်နေ့က ရက္ခိုင့်တပ်တော် – AA မှ စတင်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ရာ ခမောင်းဆိပ်မြို့နဲ့ အနီးအနားရှိ ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာ အခြားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် အမိုးအကာ နေစရာများ လိုအပ်နေကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်၊ ပြားချောင်းကျေးရွာအနီးတွင် စခန်းခထားသည့် AA စခန်းအား ဩဂုတ်လ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ပေးရန် ပြားချောင်းကြီးကျေးရွာအုပ်ချုပ်ရေးမှုးကို စစ်ကောင်စီဗျူဟာမှူးက အသိပေးပြောဆိုခဲ့သော်လည်း အေအေ တပ်ဖွဲ့ဝင်များက ဩဂုတ် ၂၈ ရက်နေ့အထိ ဖယ်ရှားပေးခြင်း မရှိသေးပေ။
“စစ်တပ်က ရသေ့တောင်မြို့အထွက်က ဘုန်းကြီးကျောင်းမှာ စခန်းချထားတယ်။ အေအေ ကျနော်တို့ ရွာအနီးမှာ ရှိတယ်။ တစ်ဖက်နဲ့တစ်ဖက်က နီးနီးလေး။ တင်းမယနေကြတယ်။ စစ်တပ်ကရှေ့တိုးတာနဲ့ဖြစ်မှာဘဲ။ပြီးတော့ ဟိုနေ့ တိုက်ပွဲဖြစ်မယ် ဒီနေ့ဖြစ်မယ်နဲ့ကြားနေကြတော့ လူတွေလန့်နေကြတယ်။ ရွာမှာ လူတွေ သိပ်မနေကြတော့ဘူး။
စာသင်ကျောင်းတွေလည်း ပိတ်ထားကြတယ်”ဟု ပြားချောင်းကြီးကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ရသေ့တောင်မြို့နယ်မှာ ဩဂုတ်လ ၁၅ ရက်နေ့က အေအေနှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၃၁ ဦး သေဆုံးခဲ့ပြီး လက်နက်အများအပြား သိမ်းဆည်း ရမိခဲ့သည်ဟု AA က သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ-AA
#Ayeyarwaddy_Times