(ဟားခါး)၊ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် ယင်းမာပင်ခရိုင် အမှတ် (၁၅) တပ်ရင်းမှူး လက်မှတ်ဖြင့် သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း ချင်းကာကွယ်ရေးတပ်(ဟားခါး)ထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၈ ရက်နေ့က Hilux 9K-1693 ကားနှင့် 1J-6011 Forland ကားတို့ဖြင့် ဖလမ်းမြို့နယ်၊ ဗားရ်တံတားတွင် ပို့ဆောင်မည့် စိတ်ကြွဆေးပြား ၃ သန်းခန့်၊ No. 4 ခေါ် ဘိန်းဖြူ ၁၁၀ ကီလိုဂရမ်ခန့်ကို CDF-Hakha မှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် မောင်းပြန်သေနက် နှစ် လက်၊ mini starlink နှစ် ခုအပါအဝင် ရဲဘော် သုံး ဦး၊ ယာဥ်မောင်း တစ် ဦး နှင့် စပယ်ယာ တစ် ဦးတို့ကိုလည်း မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိပြီး မူးယစ်ဆေးဝါးသယ်ဆောင်လာသူများကို အရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ယင်းမာပင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက မူးယစ်ဆေးဝါးတွေကို ဖလမ်းမြို့နယ်၊ ဗားတံတားဘက်ပို့ဖို့ ဟားခါးမြို့နယ်ဖြတ်ပြီး လာကြတာဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ဟားခါးမြို့နယ်အတွင်း သယ်ယူပို့ဆောင်တာဖြစ်ပါတယ်”ဟု CDF Hakha မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ရေးတွင် တာဝန်ခံဖြစ်သည့် မောင်ဇော်လတ် အမည်ရင်း (ဦးဝင်းမော်) နှင့် ကိုပုတီး အမည်ရင်း (ဦးကျော်မင်းဇော်) တို့သည် ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း CDF-Hakha ထံမှ သိရှိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို စစ်ကိုင်းတိုင်း၊ စလင်းကြီးမြို့နယ်၊ ငွေသာကျေးရွာမှ သယ်ဆောင်လာခြင်းဖြစ်ကြောင်း CDF-Hakha က ထုတ်ပြန်ထားသည့် ရုပ်သံဗွီဒီယိုဖိုင်တွင် ကားသမား ကိုကျော်ဟိန်းက ပြောဆိုထားသည်။

“ကျွန်တော်တို့ စလင်းကြီးမြို့နယ်ထဲကနေ သယ်လာတာပါ။ ငွေသာရွာအနားကပါ။ သူတို့ အဆောက်အဦးလေးတွေ ရှိတယ်။ လူနေတဲ့ အဆောက်အဦးရယ်၊ အဲဒီပစ္စည်းတွေထားတဲ့ အဆောက်အဦးရယ်၊ အဲဒါတွေက အဖွဲ့အစည်းဟာပါ။ သူတို့ အဖွဲ့အစည်းကဟာလို့ ပြောပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေ နေတာ။ ကျွန်တော်တို့ကို ပြောတာက ယင်းမာပင်ခရိုင် တပ်ရင်း ၁၅ လို့ပဲ ပြောပြထားပါတယ်”ဟု ကားသမား ကိုကျော်ဟိန်းက ပြောသည်။

ထို့အပြင် ယင်းမာပင်ခရိုင် တပ်ရင်း ၁၅ မှ ရဲဘော်မှ ကိုဇော်နောင်ကမူကလည်း ၎င်းတို့တပ်ခွဲမှူး ကိုပုတီးထံမှ မူးယစ်ဆေးဝါးများ သယ်ဆောင်လာခြင်းဖြစ်ပြီး ယခုအခါတွင် မူးယစ်ဆေးဝါး သယ်ဆောင်ခြင်း လေး ကြိမ်ရှိပြီဖြစ်ကြောင်း ထွက်ဆိုထားသည်။

၎င်းတို့နှင့်အတူ အမှတ် ၁ စစ်ဒေသ၊ ပခုက္ကူခရိုင် တပ်ရင်း ၁၀ မှ ရဲဘော် အာကာဖြိုး ကိုလည်း ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသည့် သူများရှေ့တွင် CDF-Hakha က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရုပ်သံဗွီဒီယိုဖိုင်နှင့်တကွ ထုတ်ပြန်ထားသည်။

ဟားခါးမြို့နယ်အတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သုံးစွဲခြင်း သယ်ယူပို့ဆောင်ခြင်းတို့ကို ထပ်မံတွေ့ရှိပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း CDF-Hakha က ဆိုထားသည်။

ဓာတ်ပုံ-CDF-Hakha
ပုံစာ-သယ်ဆောင်လာသည့်သူများရှေ့တွင်မူးယစ်ဆေးဝါများမီးရှို့ဖျက်ဆီးနေစဉ်