ဧရာ၀တီတိုင်းမ်
(ရန်ကုန်)၊ ဇူလိုင် ၉ ရက်

အိုမန်နိုင်ငံတွင် အိမ်အကူအလုပ်ဖြင့် ရောက်ရှိနေသည့် မြန်မာအမျိုးသမီးတစ်ဦးသည် အလုပ်အဆင် မပြေမှုများနှင့် မုဒိမ်းကျင့်ခံရမှုအတွက် ဖြေရှင်းပေးရန် အေးဂျင့်အမျိုးသမီးအား ပြောဆိုရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း အိုမန်နိုင်ငံရှိ မြန်မာအိမ်အကူအမျိုးသမီးတစ်ဦးထံမှ သိရသည်။

အိုမန်နိုင်ငံဥပဒေအရ လူသတ်မှုကျူးလွန်သူများကို သေဒဏ်ပေးခြင်းဖြစ်သော်လည်း ယခုဖြစ်စဉ်တွင် မြန်မာအမျိုးသမီးအချင်းချင်းဖြစ်၍ ကျူးလွန်သူ အိမ်အကူအမျိုးသမီးကို မြန်မာနိုင်ငံသို့ ပြန်ပို့ပြီး မြန်မာနိုင်ငံ၏ ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အိမ်အကူအမျိုးသမီးတစ်ဦးသည် ပြီးခဲ့သည့် ဇူလိုင် ၆ ရက်နေ့ က အိုမန်နိုင်ငံ၊ ဆိုဟာမြို့တွင် ရုံးထိုင်သည့် မြန်မာအမျိုးသမီး မယုနန္ဒာ(အေးဂျင့်)ကို ၎င်း၏ အဆင်မပြေမှုများ ဖြေရှင်းပေးရန် ပြောဆိုနေစဉ်အတွင်း သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ မယုနန္ဒာသည် ဧရာဝတီတိုင်း၊ မြန်အောင်မြို့မှဖြစ်ပြီး လူသတ်မှုကျူးလွန်ခဲ့သည့် အိမ်အကူ အမျိုးသမီးမှာ ရန်ကုန်တိုင်း၊ သန်လျင်မြို့မှ ဖြစ်ကြောင်း သိရသည်။

ကျူးလွန်သူ အိမ်အကူအမျိုးသမီးသည် ဇူလိုင် ၁ ရက်နေ့တွင် အိုမန်နိုင်ငံသို့ ရောက်ရှိကာ အိမ်ရှင် တစ်ဦးထံတွင် စတင်အလုပ်လုပ်ကိုင်ခဲ့သော်လည်း အလုပ်အဆင်မပြေမှုများ ကြုံတွေ့ခဲ့ရ၍ အိမ်ရှင် ပြောင်းလဲပေးရန် (သို့မဟုတ်) အလုပ်အသစ်ရှာပေးရန် အေးဂျင့် မယုနန္ဒာထံ ပြောဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ပြောဆိုသော်လည်း အိုမန်တွင် သောကြာနှင့် စနေနေ့များသည် ရုံးပိတ်ရက်သဖြင့် မယုနန္ဒာမှာ ရုံးတွင်မရှိဘဲ ၎င်း၏ သူဌေးနှင့်အတူ အခြားနေရာတစ်ခုသို့ လိုက်ပါသွားခဲ့သည်။

ထိုသို့လိုက်ပါသွားစဉ် အိမ်ရှင်နေအိမ်မှ ထွက်လာသော အိမ်အကူအမျိုးသမီးသည် အသတ်ခံရသူ အေးဂျင့်၏ သူဌေးသူငယ်ချင်း ရုံးခန်းတွင် ခေတ္တနေထိုင်စဉ် ထိုသူငယ်ချင်းက မုဒိမ်းကျင့်ခဲ့ကြောင်း သိရသည်။

အိမ်အကူအမျိုးသမီးက ၎င်း၏ဖုန်းထဲတွင် မုဒိန်းကျင့်ခံရသည့် သက်သေများရှိကြောင်းနှင့် ရဲစခန်း ပို့ပေးရန် အေးဂျင့် မယုနန္ဒာကို ပြောဆိုခဲ့ရာမှ အချင်းချင်း စကားများပြီး သတ်မိသွားခြင်းဖြစ်ကြောင်း အိုမန်ရောက် အိမ်အကူအမျိုးသမီးတစ်ဦးထံမှ သိရသည်။

“လူသတ်မှုထိ ကျူးလွန်တာက မုဒိန်းမှုကြောင့်ပါ။ ဒီပြဿနာကို ဖြေရှင်းခိုင်းရင်းနဲ့ ဖြေရှင်းပေးမယ် လို့သာ ယုနန္ဒာကပြောပေမဲ့ အချင်းချင်း ဘယ်လောက်ထိ ပဋိပက္ခဖြစ်သွားလဲမသိဘူး။ အိမ်အကူ အစ်မက ဓားနဲ့ထိုးသတ်လိုက်ဆိုတာ တော်ရုံ တန်ရုံ ခံစားချက်မဟုတ်ဘူး။ သူများနိုင်ငံ အလုပ်လုပ်ရတာ ကြောက်ဖို့ကောင်းတယ်” ဟု အိုမန်တွင် နှစ်နှစ်ကြာ အိမ်အကူလုပ်နေသည့် အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

သေဆုံးသူ ယုနန္ဒာ၏ အမေသည် အလုပ်သမားပို့ ဝန်ဆောင်မှုပြုလုပ်သူဖြစ်ပြီး ယင်းအိမ်တွင် အလုပ်လုပ်သူဖြစ်ကြောင်း၊ အေဂျင့်အများစုသည် တာဝန်ယူမှု၊ တာဝန်ခံမှုနည်းပါးပြီး အိမ်ရှင်နှင့်သူဌေး ဘက်လိုက်ကြောင်း၊ ကျူးလွန်သူ အိမ်အကူအမျိုးသမီးသည် မြေးဖြစ်သူရှင်ပြုရန်အတွက် အိုမန်နိုင်ငံတွင် အလုပ်လုပ်ရန် ရောက်လာကြာင်း သိရသည်။

အိုမန်နိုင်ငံရှိ အိမ်အကူများကို အစားအသောက် မကျွေးရခြင်း၊ အလုပ်ချိန်ထက် ပိုမိုခိုင်းစေခြင်း၊ အိမ်ရှင်က အဓမ္မပြုကျင့်ခြင်းနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းများ အများအပြားရှိကြောင်း အိုမန်တွင်ရောက်ရှိနေသည့် အိမ်အကူအမျိုးသမီးထံမှ သိရသည်။

“မြန်မာအမျိုးသမီးတွေ အိုမန်ကို မလာစေချင်ဘူး။ ၁၀၀ ရာခိုင်နှုန်းမှာ ၈၀ ရာခိုင်နှုန်း မကောင်းပါဘူး” ဟု ၎င်းက သတိပေးပြောဆိုသည်။

အိုမန်နိုင်ငံတွင် နှစ်နှစ်အတွင်း အကြောင်းအမျိုးမျိုးဖြင့် သေဆုံးသူမြန်မာအမျိုးသမီး ခုနစ် ဦးရှိပြီး၊ မိသားစုဝင်များလျော်ကြေး ရ မရ သိရှိရခြင်းမရှိဘဲ သက်ဆိုင်ရာသူဌေးနှင့် ညှိနှိုင်းပြီး မိသားစုထံ ပေးကြောင်းသာ သိရသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် နိုင်ငံကူးလက်မှတ် (PV) ဖြင့် အိုမန်နှင့် ဆူဒန်နိုင်ငံများသို့ အိမ်အကူအလုပ်လုပ်ရန် သွားရောက်နိုင်ပြီး အေးဂျင့်များက လူစုဆောင်းပို့ဆောင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

“PV လာလို့လွယ်ကူတယ်။ အိုမန် ၁၀၀ မှာ ၈၀ ရာခိုင်နှုန်း (အလုပ်) မလုပ်ရဘူး။ အလုပ်အရမ်းလုပ်လို့ မြန်မာတွေကို သူတို့ ကြိုက်တယ်။ ဒီရောက်မှ နေထိုင်ခွင့်ကဒ် လုပ်ပေးတယ်။ အဲဒီလိုလွယ်တော့ လာတဲ့ သူများတယ်။ လစာက အိုမန်ရီယယ် ၁၂၀၊ မြန်မာငွေ အခုပေါက်ဈေးကို ကျပ် ၁၃ သိန်းရတယ်” ဟု အိမ်အကူအမျိုးသမီးက ပြောသည်။

အိုမန်နိုင်ငံတွင် မြန်မာသံရုံးမရှိသေးဘဲ ဆော်ဒီအာရေဘီယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသံအမတ် ဦးတင်ယုက အိုမန်နိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ပူးတွဲတာဝန်ယူခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။

ဦးတင်ယု၏ ခန့်အပ်လွှာကို အိုမန်နိုင်ငံ၊ မာစကတ်မြို့၊ အယ်လ်အလန်းမ်နန်းတော်၌ ဘုရင်မင်းမြတ် ဟိုင်သမ်ဘင်တာရစ်ထံ ပေး အပ်ထားကြောင်း သိရသည်။

ပုံစာ- ဆော်ဒီအာရေဘီယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသံအမတ် ဦးတင်ယု၊ သေဆုံးသူ မယုနန္ဒာကို မကွယ်လွန်မီက တွေ့ရစဉ်။