
ဧရာဝတီတိုင်းမ်
(ချင်းမိုင်)၊ ဇူလိုင် ၆ ရက်
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ The Commune CNX တွင် “Together” ဟု အမည်ပေးထားသော Pressed Flower Art (ဖိနှိပ်ပန်းပွင့်/သစ်ရွက် ပန်းချီ) အနုပညာပြပွဲကို လာမည့် ဇူလိုင်လ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြပွဲတွင် ပုန်ကန်တော်လှန်ခဲ့သူများ၏ ပုံရိပ်များကို ပန်းပွင့်၊ သစ်ရွက်များဖြင့် ဖန်တီးပြုလုပ် ထားသော Pressed Flower Art ပန်းချီလက်ရာများကို ပြသသွားမည်ဖြစ်ပြီး၊ ယင်းပန်းချီကားများတွင် တော်လှန်ရေးပုံရိပ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ၅ နှစ်တာ ကာလကို ဖြတ်ကျော်တဲ့အခါမှာ သူရဲကောင်းတွေ၊ အာဇာနည်တွေ၊ တော်လှန် သူတွေ အများကြီးရှိပါတယ်။ ကျွန်တော်က သူတို့အတွက် သစ်ရွက်ပန်းချီလေးတွေ ဆွဲပြီး ဂုဏ်ပြုထား တာတွေရှိတယ်။ ပြီးတော့ ပန်းအစစ်တွေနဲ့ portrait ပုံလေးတွေ ဖန်တီးထားတာရှိတယ်။ ဖြစ်ရပ်တွေကို ဖန်တီးထားတာတွေလည်းရှိတယ်။ အဲ့ဒီအရာတွေကို ဂုဏ်ပြုပြသချင်တယ်” ဟု ပြပွဲစီစဉ်သူနှင့် Pressed Flower Artist-Myanmar တည်ထောင်သူ ကိုမင်းသက်ထက်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့သို့ပြထားသည့် ပန်းချီကားများကို ရောင်းချပေးသွားမည်ဖြစ်ပြီး ရရှိလာသည့် ရန်ပုံငွေများကို Cobra column 2 Venom၊ Cobra ခွဲ ၅ နှင့် KNDF/SSNDF တပ်ဖွဲ့ထံသို့ ထောက်ပို့သွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူထံမှ သိရသည်။
“ကျွန်တော်က Cobra column 2 Venom စစ်ကြောင်းကပါ။ ကျွန်တော်တာဝန်ကျတဲ့ စစ်ကြောင်းရယ်၊ ကျွန်တော့်ဆီ အကူအညီလာတောင်းတဲ့ စစ်ကြောင်း နှစ် ကြောင်းရယ်ကို အားလုံး ဖြည့်ပေးသွားမယ်” ဟု ကိုမင်းသက်ထက်အောင် က ဆိုသည်။
စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် အာဏာသိမ်းစစ်အစိုးရသည် ရန်ကုန်တက္ကသိုလ်ရှိ ကျောင်းသားရာနှင့်ချီကို သွေးချောင်းစီးပစ်သတ်ခဲ့သည့် ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် “ဆဲဗင်းဂျူလိုင်” ကို မမေ့စေလို၍ ပြပွဲကို ဇူလိုင် ၇ ရက်တွင် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
“တော်လှန်ရေးကို သွေးမအေးစေချင်တာလည်း ပါတယ်။ တော်လှန်ရေးနဲ့ နီးစပ်တဲ့သူတွေ၊ တော်လှန်ရေး အပေါ် စိတ်အားလျော့နေတဲ့သူတွေ အဓိက လာရောက်စေချင်ပါတယ်။ သစ်ရွက်ပန်းချီမှာဆို ကျဆုံး သွားတဲ့ ရဲဘော်တွေ၊ ထိခိုက်ဒဏ်ရာရသွားတဲ့ ရဲဘော်တွေ၊ ရှင်သန်နေပြီး ရုန်းကန်နေရတဲ့ ရဲဘော်တွေ အများကြီးပါပါတယ်” ဟု ကိုမင်းသက်ထက်အောင်က ပြောသည်။
ချင်းမိုင် “Together” ပန်းချီပြပွဲတွင် ပန်းနှင့်သစ်ရွက်ပန်းချီ ပုံတူ အော်ဒါများကို စာရင်းပေးသွင်း၍ အပ်နိုင်မည်ဖြစ်ပြီး ၅ ရက်အတွင်း ရေးဆွဲ၍ ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
“အခုပြပွဲမှာတော့ ပါဝင်မယ့် လူအင်အားက နည်းတာကြောင့် ပုံတူလေးတွေ အော်ဒါအပ်ရင် ချက်ခြင်း မဆွဲပေးနိုင်ပါဘူး။ အော်ဒါအပ်ပြီးစာရင်းသွင်းလို့ရမယ်။ အခြားပန်းချီကားလေးတွေကို ဝယ်ယူ အားပေးလို့ရတယ်” ဟု ကိုမင်းသက်ထက်အောင်က ဆိုသည်။
ချင်းမိုင်သို့ရောက်ရှိနေသူများအနေဖြင့် “Together” အနုပညာပြပွဲသို့ လာရောက်ကြည့်ရှုရန် အသိပေး ထားပြီး ရန်ပုံငွေလိုအပ်ချက်ကြောင့် ဝယ်ယူအားပေးနိုင်သူများ လာရောက်လည်း ဖိတ်ခေါ်ထားသည်။