ဧရာဝတီတိုင်းမ်
ဇူလိုင် ၄ ရက်

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များမှ နယ်မြေအချို့ကို ဆုံးရှုံးနေသည့် စစ်ကောင်စီက ရန်ကုန်-ဧရာဝတီ အစပ် လမ်းပိုင်းများတွင် ဘန်ကာများ ဆောက်လုပ်လာကြောင်း သိရသည်။

စစ်ကောင်စီသည် ရန်ကုန်-ဧရာဝတီတိုင်းအစပ် စစ်ဆေးရေးဂိတ်ဖြစ်သည့် ပန်တိုင်ဂိတ်တွင် မျှော်စင် ပါသည့် ဘန်ကာများ ဆောက်လုပ်နေပြီး ရန်ကုန်ဘက်အဆင်းဘက်အခြမ်းရှိ ဗိုလ်မြတ်ထွန်းတံတား တွင်လည်း ဘန်ကာအသစ်များကို ‌ထပ်မံဆောက်လုပ်နေကြောင်း သိရသည်။

“ဧရာဝတီတိုင်းထဲအဝင်ရော၊ အထွက်ရော အထူးကြပ်မတ်ပြီးစစ်နေတာ။ မှတ်ပုံတင်နဲ့တင်မရဘူး။ စမတ်ကတ်မရှိလို့ ရစ်တာတွေရောအစုံပဲ။ စစ်ဆေးရေးဂိတ်တွေမှာ စစ်စခန်းလိုမျိုး နှစ်ထပ်ဘန်ကာ တွေပါဆောက်နေတာ” ဟု ကုန်အရောင်း အဝယ်လုပ်နေသူ ခရီးသွားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လေးမျက်နှာမြို့နယ်နှင့် ရေကြည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း လက်နက်ကြီး စခန်းများ အခြေပြုတည် ဆောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

လေးမျက်နှာမြို့နယ်အတွင်းရှိ ပိန္နဲကွင်းရွာနှင့် ရေကြည်မြို့နယ်ရှိ ဒေါင့်ကြီးရွာတို့တွင် အင်အားဖြည့်ပြီး လက်နက်ကြီးစခန်းများ တည်ဆောက်နေကြောင်း သိရသည်။

ရေကြည်အမြောက်တပ် ၃၄၄တွင်လည်း ဘန်ကာအသစ်များထပ်မံဆောက် လုပ်နေပြီး ကျုံပျော်မှ လူအင်အားများကို ထပ်မံအားဖြည့်ပို့နေကြောင်း သိရသည်။

ထို့အပြင် ရေနံ့သာစစ်ဆေးရေးဂိတ်တွင်လည်း စစ်သင်တန်းရက်တိုပေးထားသည့် ပြည်သူ့စစ်များဖြင့် အင်အားဖြည့်ထားပြီး ဒေသခံများကို ဈေးဝယ်ယူခွင့်မှအစ ကန့်သတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)