ဇွန်လ ၂၈ ရက်

အာဏာသိမ်း စစ်ကောင်စီက ကမ္ဘာ့ထိပ်တန်းစက်မှုနိုင်ငံများဖြစ်သည့် ဂျာမနီနှင့် သြစတြေးလျ၊ အာဆီယံ နိုင်ငံဖြစ်သည့် ဘရူနိုင်းနိုင်ငံမှ မြန်မာသံအမတ်များကို ပြန်လည်ခေါ်ယူကာ အဆိုပါ နိုင်ငံများနှင့် သံတမန်ဆက်ဆံရေး အဆင့်လျှော့ချမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဂျာမနီ၊ သြစတြေးလျနှင့် ဘရူနိုင်းနိုင်ငံများမှာ ၎င်းတို့ခန့်အပ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်များ သက်တမ်းကုန်ဆုံးချိန်တွင် ပြန်လည်ခေါ်ယူပြီးနောက် သံအမတ်အသစ်များ ထပ်မံခန့်အပ်ခြင်းမရှိတော့ဘဲ သံတမန် ဆက်ဆံရေးအဆင့်လျှော့ချကာ ရန်ကုန်မြို့အခြေစိုက် သံရုံးများတွင် သံရုံးယာယီတာဝန်ခံများသာ ထားရှိခဲ့သည်။

မြန်မာပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် အာဏာသိမ်း စစ်ကောင်စီအပေါ် အဆိုပါနိုင်ငံများ၏ သံတမန်ဆက်ဆံရေး အဆင့်လျှော့ချမှုများအား လက်တုန့်ပြန်သည့် အနေဖြင့် စစ်ကောင်စီက ယင်းနိုင်ငံ ၃ ခုမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်များကို ပြန်လည်ခေါ်ယူ၍ သံရုံး ယာယီတာဝန်ခံများသာ ထားရှိပြီး သံတမန်ဆက်ဆံမှုကို အဆင့်လျှော့ချခဲ့ခြင်း ဖြစ်သည်။

“အဲဒီနိုင်ငံ ၃ ခုက ရန်ကုန်အခြေစိုက် သံရုံးတွေအတွက် သံတမန်မလွှတ်တော့တဲ့ နိုင်ငံတွေ။ သူတို့ သံအမတ်တွေ သက်တမ်းကုန်လို့ ပြန်တဲ့နောက်ပိုင်း နောက်ထပ် သံအမတ်အသစ် မလွှတ်တော့ဘဲ သံရုံးယာယီတာဝန်ခံပဲ ထားတော့တာ။ အဲဒါကို လက်တုန့်ပြန်တဲ့အနေနဲ့ စစ်ကောင်စီဘက်ကလည်း မြန်မာ သံအမတ်တွေ ပြန်ခေါ်ပြီး သံရုံးယာယီတာဝန်ခံပဲ ထားတော့မယ်ဆိုပြီး လုပ်တာပါ။ ဒါက စစ်ကောင်စီအနေနဲ့ သံတမန်ရေးစာမျက်နှာမှာ အခြေအနေတွေ ယခင်ထက် ပိုဆိုးလာနေတယ်ဆိုတာ သက်သေပြနေတဲ့ ပြောင်းလဲမှုလို့ မြင်ပါတယ်။ စစ်ကောင်စီဘက်က မကြာခင်မှာ နောက်ထပ် ဥရောပနိုင်ငံတွေအပါအဝင် နိုင်ငံတချို့တွေက သံအမတ်တွေ ပြန်ရုတ်သိမ်းတာတွေ ထပ်လုပ်မယ့် အလားအလာတွေ ရှိတယ်။ နဂိုကတည်းက သူတို့ကို မဆက်ဆံချင်လို့ သံတမန်ဆက်ဆံရေး အဆင့်လျှော့ထားတာကို စစ်ကောင်စီဘက်က အခုလို တုန့်ပြန်လည်း ဟိုဘက်နိုင်ငံတွေက သိပ်ပြီးဂရုစိုက်နေမှာမဟုတ်ပါဘူး”ဟု ရန်ကုန်မြို့အခြေစိုက် လုပ်သက်ရင့် သတင်းစာဆရာတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီလက်အောက်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနက သြစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့မှ မြန်မာ သံအမတ်ကြီး ဦးသာအောင်ညွန့်ကို ပြန်လည်ခေါ်ယူကာ ၎င်း၏နေရာတွင် နိုင်ငံခြားရေးဌာန၊ ဒုညွန်ချုပ် ဦးသက်ထွန်းကို သံရုံးယာယီတာဝန်ခံအဖြစ် ခန့်အပ်ခဲ့သည်။
ထို့ပြင် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့အခြေစိုက် ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်ကို ပြန်လည်ခေါ်ယူကာ သူမနေရာတွင် ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်ထင်လင်းအား သံမှူးကြီး၊ သံရုံး(ယာယီတာဝန်ခံ) အဖြစ် အစားထိုး ခန့်အပ်ခဲ့သည်။

ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘာဂါဝန်မြို့မှ သံအမတ်ကြီး ဦးထင်လင်းအား ပြန်လည်ခေါ်ယူခဲ့ပြီး ၎င်း၏နေရာတွင် နိုင်ငံခြားရေးဌာန ဒုညွန်ချုပ် ဒေါ်ခင်စန္ဒာအား သံအမတ်/သံရုံးယာယီတာဝန်ခံအဖြစ် အစားထိုး ခန့်အပ်ခဲ့ကြောင်း မေလ ၉ ရက်နေ့ရက်စွဲဖြင့် စစ်ကောင်စီက နိုင်ငံတော်ပြန်တမ်း ထုတ်ပြန်ခဲ့သည်။