ဖားကန့်မြို့နယ်က PDF ထောက်ပို့စခန်း ဝင်စီးခံရလို့ သပိတ်ခေါင်းဆောင်အပါဝင် ၆ ဦးအဖမ်းခံရ

ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၂၉ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ထောက်ပို့စခန်းတစ်ခုကို စစ်ကောင်စီတပ်သားတွေက ဩဂုတ်လ ၂၇ ရက်နေ့ မနက်အစောပိုင်းက ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်စီးခဲ့ တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံကျေးရွာ(မဒဲယန်)မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ရိက္ခာပို့တဲ့ စခန်းနေရာကို စစ်ကောင်စီတပ်က ရွာလမ်းမကြီးကနေမလာဘဲ ချောင်းထဲကနေတဆင့် ည ၁၂ နာရီကျော် လောက်မှာ ဝင်ရောက်စီးနင်းခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“ အဲ့ကောင်တွေက ချောင်းထဲက ပတ်လာတာ အိမ်ကို နောက်ပေါက်ကနေဝင်စီးတာ ပြီးတော့မှာ ရှေ့မှာ ကား ၂ စီးအင်အားအပြည့်နဲ့ ရောက်လာတာ မိုးတွေကလည်း တအားရွာနေတဲ့အချိန်မှာဖြစ်သွားတာ ကိုဇော်မင်းဦး လည်းပါသွားတယ် အားလုံး ၆ ယောက်လောက်အဖမ်းခံရတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ရိက္ခာပို့တဲ့ စခန်းအိမ်ကို ဝင်စီးပြီး ရိက္ခာ တွေနဲ့ ကားတွေကို မီးရှို့ဖျက်စီးခဲ့သလို ဖားကန့်မြို့နယ်က သပိတ်ခေါင်းဆောင် ဦးဇော်မင်းဦးအပါဝင် စုစုပေါင်း ၆ ဦးလောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ဖမ်းဆီးတာခံလိုက်ရတဲ့ သပိတ်ခေါင်းဆောင် ဦးဇော်မင်းဦးဟာ မကြာခင်က နေအိမ် ချိပ်ပိတ်တာခံထားရတဲ့သူတဦးဖြစ်တာကြောင့် သတ်ပစ်လိုက်မှာကို စိတ်ပူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံပြည်သူတွေကတော့ ခုလိုမျိုး သတင်းအတည်ကျနဲ့ ဝင်စီးခံရတာဟာ သင်တန်းလာတက်တဲ့သူ တဦး အဖမ်းခံရပြီးနောက်ပိုင်းမှ ဖြစ်တာလို့ ပြောဆိုမှုတွေလည်းရှိနေသလို လတ်တလောမှာတော့ ဒေသခံတွေ အားလုံး ရွာကနေတိမ်ရှောင်နေရတယ်လို့ ဆိုပါတယ်။