ထိုင်း ၁ ဘတ်လျှင် မြန်မာငွေ ၉၀ ကျပ်အထိ စံချိန်တင်ဈေးကျ၊ ၁ လအတွင်း မြန်မာငွေတန်ဖိုး ၄ ပုံ ၁ ပုံ ကျဆင်းသွားခြင်းဖြစ်

စစ်ဝေးသော်/ဧရာဝတီတိုင်းမ်

သြဂုတ်လ ၂၉ ရက်

အာဏာသိမ်း စစ်ကောင်စီ၏ ငွေကြေးနှင့် စီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှု အမှားများကြောင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုများ ဆက်တိုက်ဖြစ်ပေါ်နေရာ ယနေ့ (သြဂုတ်လ ၂၉ ရက်နေ့)တွင် ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ၉၀ ကျပ်အထိ မြန်မာငွေတန်ဖိုးများ စံချိန်တင်ကျဆင်းနေကြောင်း သိရသည်။

ဇူလိုင်လကုန်ပိုင်းတွင် ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ၆၅ ကျပ်ရှိခဲ့ရာမှ သြဂုတ်လကုန်ပိုင်း ၁ လတာအတွင်း ထိုင်း ၁ ဘတ်လျှင် မြန်မာငွေ ၉၀ ကျပ်အထိ တဟုန်ထိုး ကျဆင်းသွားခြင်းဖြစ်ကြောင်း ထိုင်း – မြန်မာနယ်စပ်ရှိ ငွေလဲလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ထိုင်း – မြန်မာနယ်စပ်ငွေလဲလုပ်ငန်း ကိန်းကဏန်းများအရ ၁ လတာအတွင်း မြန်မာကျပ်ငွေတန်ဖိုးမှာ ၂၇ ရာခိုင်နှုန်း (၄ ပုံ ၁ ပုံ) ကျော် တန်ဖိုးကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လက်ရှိက မြန်မာငွေ ၁ သိန်းကို ထိုင်းဘတ် ၁၁၀၀ ပဲ ရှိတော့တယ်။ ပြီးခဲ့တဲ့အပတ်က ၁ သိန်းကို ဘတ် ၁၂၄၀ ရနေသေးတယ်။ ၁ ဘတ်ကို မြန်မာငွေ ၈၀ ပေါ့။ အခုက ၁ ဘတ်ကို မြန်မာငွေ ၉၀ အထိ ထိုးကျသွားတာ”ဟု ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ ငွေလဲလုပ်ငန်းရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၈ လအကြာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလက ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ၅၀ ကျပ်နှုန်း ပေါက်ဈေးရှိခဲ့ရာမှ ၁ နှစ်ခန့်အကြာတွင် ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ၉၀ ကျပ်အထိ မြန်မာကျပ်ငွေတန်ဖိုးများ စံချိန်တင် ကျဆင်းနေခြင်းဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် ၄၄ ရာခိုင်နှုန်းကျော်အထိ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခဲ့ခြင်းဖြစ်သည်။

“ငွေတန်ဖိုးကျတဲ့အတွက် စစ်တပ်အာဏာမသိမ်းခင်က ကျပ်သိန်း ၁၀၀ ပိုင်ဆိုင်ထားတဲ့သူက အခုလည်း သူ့လက်ထဲမှာ သိန်း ၁၀၀ ရှိနေပေမယ့် အဲ့ဒီကျပ်ငွေတန်ဖိုးကတော့ သိန်း ၅၀ ကျော်ပဲ တန်ဖိုးရှိတော့မယ်။ ဘာလို့ဆိုတော့ မြန်မာငွေတန်ဖိုးက တောက်လျှောက်ကျဆင်းနေတဲ့အတွက် သူ့လက်ထဲကိုင်ထားတဲ့ သိန်း ၁၀၀ က တောက်လျှောက်တန်ဖိုးကျဆင်းနေတာ။

ငုတ်တုတ်မေ့တယ်၊ ငုတ်တုတ်မွဲတယ်ဆိုတာ ဒါမျိုးကိုခေါ်တာ။ အဓိကတော့ အာဏာသိမ်းစစ်တပ်ရဲ့ စီးပွားရေးစီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့်ပဲ”ဟု နယ်စပ်ဒေသ စီးပွားရေးသတင်းများ ရေးသားနေသည့်သတင်းထောက်တစ်ဦးက ပြောသည်။

ပြင်ပဈေးကွက်၌ ထိုင်းငွေ ၁ ဘတ်လျှင် ၇၄ ကျပ်ပေါက်ဈေးရှိနေချိန်တွင် စစ်ကောင်စီလက်အောက်ရှိ ဗဟိုဘဏ်က ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ၅၈ ကျပ်ဟု သတ်မှတ်ထုတ်ပြန်ထားသည်။ ဗဟိုဘဏ် သတ်မှတ်ချက်နှင့် ပြင်ပပေါက်ဈေးက ထိုင်း ၁ ဘတ်လျှင် မြန်မာငွေ ၃၂ ကျပ်ဝန်းကျင်အထိ ကွာဟနေသည်။

ထိုသို့ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းနေခြင်းကြောင့် ထိုင်းနိုင်ငံမှတင်သွင်းသည့် ဆောက်လုပ်ရေးပစ္စည်း၊ အလှကုန်၊ စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါးနှင့်အခြားသော တင်သွင်းပစ္စည်းဈေးနှုန်းများ ဆက်လက်မြင့်တက်ဖို့ ရှိနေကြောင်း မဲဆောက်မြို့မှ မြန်မာလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“အခုက ထိုင်း ၁ ဘတ်ကို မြန်မာငွေ ၉၀ ကျပ်၊ ငွေဈေးက ဆက်ကျဖို့ရှိနေတယ်။ ၁ ဘတ်ကို မြန်မာငွေ ၁၀၀ အထိ ထပ်ကျမယ်လို့ ခန့်မှန်းနေကြတယ်။ အဲတော့ ထိုင်းကနေသွင်းတဲ့ပစ္စည်းဈေးနှုန်းတွေ ထပ်တက်ဦးမှာပေါ့။ မြန်မာငွေကိုင်ထားတဲ့သူတွေကတော့ မွဲပြီးရင်း မွဲပြာကျမယ့်သဘောရှိတယ်”ဟု သူက ပြောသည်။

#ထိုင်း #ဘတ်ငွေ #ငွေလဲနှုန်း #မြဝတီ #Ayeyarwaddy_Times