မတူပီမှာ စစ်ကောင်စီတပ်က စာသင်ကျောင်းဝန်းထဲတပ်စွဲပြီး ကတုတ်ကျင်းများတူးကာ စစ်စခန်းပြုလုပ်နေ

ဗွီအာတီ၊ ဧရာဝတီတိုင်းမ်

(မတူပီ)၊ ဩဂုတ် ၂၉ ရက်

ချင်းပြည်နယ်၊ မတူပီမြို့ အခြေစိုက် စစ်ကောင်စီတပ်၏ ခမရ ၃၀၄ တပ်ရင်းက အထက ၁ ကျောင်းဝန်းအတွင်း ဝင်ရောက်တပ်စွဲပြီး ကတုတ်ကျင်းများတူးကာ စစ်စခန်းပြုလုပ်ထားကြောင်း ဒေသခံများထံကသိရသည်။

မတူပီမြို့ပေါ် စစ်ကောင်စီဖွင့်လှစ်သည့် စာသင်ကျောင်းတချို့တွင် တက်ရောက်သူ ကျောင်းသားအနည်းငယ်နှင့်စစ်ကောင်စီလက်အောက်ခံ Non- CDM ဝန်ထမ်းများကျောင်းတက်ရောက်မှုရှိသဖြင့် စစ်ကောင်စီတပ်က စာသင်ကျောင်းတွင်တပ်စွဲမှုများရှိသော်လည်း အထက ၁ ကျောင်းအားခံစစ်စခန်းအဖြစ်ပြုလုပ်နေသည်ဟု ဒေသ ခံတဦးကပြောသည်။

” ထ ၁၊ ထ ၂ ဒီကျောင်းတွေက စဖွင့်ထဲက လုံခြုံ ရေးအပြည့်နဲ့ဖွင့်တာဘဲ။ ကျောင်းဖွင့်ရင်လာပြီးတပ်စွဲတယ်။ ကျောင်းဆင်းရင်သူတို့လိုက်ပြန်တယ်။ ထူးဆန်းတာကတော့ ယခင်အပတ်ကနေ အထက ၁ ကျောင်းဝန်းထဲမှာ ကတုတ်ကျင်းတွေ တူးတာပေါ့နော်၊ စစ်ကောင်စီတပ်တွေကကျောင်းသား၊ ကျောင်းသူတွေ ပညာသင်ကြားရာမှာ

အနှောက်အယှက်မဖြစ်အောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ လုံခြုံရေးယူနေတာ၊ အခုတော့ တပ်အထိုင်ချမယ့်ပုံစံနဲ့ ကတုတ် ကျင်းတွေတူးပြီး ရိက္ခာတွေ သယ်ဆောင်နေတာတွေ့ရတယ်”လို့ ဒေသခံအမျိုးသားတဦးက

ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်က အဆိုပါ အထက၁ ကျောင်းဝန်းအတွင်းသို့ ကျောင်းတက်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများကိုသာ ဝင်ရောက်ခွင့်ပြုပြီး ကျောင်းချိန်ပြင်ပတွင်ကျောင်းသား၊ကျောင်းသူများ အပါအဝင် မည်သူ့ကိုမှဝင်၊ထွက်ခွင့်မပြုကြောင်း သိရသည်။

ထို့အပြင် မြို့အဝင်/အထွက်ရှိ ယာယီတပ်စခန်းများတွင်လည်း ကတုတ်ကျင်းများတူးပြီး ခံစစ်အတွက် ပြင်ဆင်မှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

#AyeyarwaddyTimes