နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၂၃ ရက်

စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်နေသော တော်လှန်ရေး အင်အားစုများ မပါဝင်သည့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အာဏာသိမ်း စစ်ခေါင်းဆောင် တက်ရောက်မည်ဖြစ်ကြောင်း ၎င်းတို့အသိအမှတ်ပြု နိုင်ငံရေးပါတီများထံက သိရသည်။

ထိုငြိမ်းချမ်းရေး ဆွေးနွေးပွဲကို စစ်ကောင်စီက ရွေးကောက်ပွဲအတွက် ရည်ရွယ်၍ နေပြည်တော်တွင် ဇွန် ၂၅ ရက်မှ ၂၇ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း ဖွင့်ပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

“ပထမနေ့မှာ သူ(စစ်ခေါင်းဆောင်) တက်ရောက်နားထောင်မယ်။ အဲဒီကရတဲ့ အကြံဥာဏ်တွေကို သူ့အိုင်ဒီယာနဲ့ ဘာလုပ်သင့်လဲဆိုတာ စဥ်းစားမယ်ထင်တယ်” ဟု စစ်ကောင်စီ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဆွေက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ခုခံတော်လှန်မှုများကြောင့် ဘက်ပေါင်းစုံ အရေးနိမ့်လာသော စစ်ကောင်စီသည် ယခုနှစ်၊ မတ်လကလည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး စကားဝိုင်းဆွေးနွေးပွဲ ဖြစ်လုပ်ခဲ့ပြီး ယခုဒုတိယအကြိမ်တွင်မူ စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်မည်ဖြစ်၍ လုံခြုံရေးများ တိုးမြှင့်ထားကြောင်း သိရသည်။

စစ်ကောင်စီ ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ၎င်းတို့နှင့် နီးစပ်အသိအမှတ်ပြု နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးအဖွဲ့များ၊ အာဏာသိမ်းပြီးနောက် စစ်မတိုက်တော့သည့် အပစ်ရပ်အဖွဲ့များအပြင် ပြည်တွင်းပြည်ပ လူပုဂ္ဂိုလ်၊ ပညာရှင်များလည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

“လက်ရှိပဋိပက္ခတွေကို သက်ဆိုင်ရာ အဖွဲ့တွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးမယ်ဆိုရင် ပျော့ပြောင်းပြေလျော့နိုင်မယ်။ အခုအဲလူတွေ မပါဘူးဆိုတော့ စဥ်းစားစရာပါပဲ။ ဒါကို တစ်ဖက်က သုံးသပ်တာကို မှားတယ်လို့ ပြောလို့မရဘူး” ဟု စစ်ကောင်စီ အသိအမှတ်ပြု နိုင်ငံရေးပါတီတစ်ခုက တာဝန်ရှိသူတစ်ဦးက ဆိုသည်။

နေပြည်တော်တွင် ယခုပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ ရွေးကောက်ပွဲ ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီများအား စာတမ်းတင်နိုင်သည်ဟုလည်း စစ်ကောင်စီ လက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)က စာပို့ထားကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီသည် စာသင်ကျောင်း၊ ဆေးရုံဆေးခန်းနှင့် ဘာသာရေး အဆောက်အအုံများအပါအဝင် နိုင်ငံတဝန်းသို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်နေပြီး နိုင်ငံရေး ထွက်ပေါက်ရရန်အတွက် ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး ​လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကောင်စီ
ပုံစာ – စစ်ခေါင်းဆောင်နှင့် ၎င်းတို့ပြုလုပ်သော ပထမအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲပုံ
#စစ်​​ကောင်စီ #တိုက်ပွဲဝင်နေသည့်အဖွဲ့များမပါဝင်သည့် #ငြိမ်းချမ်းရေးဆွေးနွေးပွဲ #စစ်ခေါင်းဆောင်တက်မည် #Ayeyarwaddy_Times