ယင်းမာပင်မြို့နယ်အတွင်း ၆ ရက်ကြာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား သေဆုံးမှုများဟု PDF ပြော

ဧရာဝတီတိုင်မ်း

ဩဂုတ်လ ၂၉ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း သြဂုတ်လတတိယအပတ်အတွင်းတွင် ၆ ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်သေဆုံးကြောင်း Chindwin Tiger PDF က သြဂုတ်လ ၂၈ ရက် ယမန်နေ့တွင်ထုတ်ပြန်သည်။

ရင်ပေါင်တိုင်ကျေးရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ထွက်ခွာလာသည့် အင်အား ၂၀၀ ဝန်းကျင် စစ်ကောင်စီစစ် ကြောင်းက သြဂုတ်လ ၁၆ ရက်မှစတင်၍ သလောက်၊ဝင်းကုန်း၊အင်းပေါ၊ရွှေပြည်သာ၊ညောင်ပင်သာ၊ဇီးပင်တွင်း၊ချောင်းမ ကျေးရွာများကိုပါစစ်ကြောင်းထိုးလာသဖြင့် အဆိုပါ စစ်ကြောင်းကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

” တိုက်တာတွေကတော့ ရင်ဆိုင်တိုက်ပွဲတွေ၊ပြောက် ကျားနည်းတွေ၊ မိုင်းဆွဲ၊ဒရုန်းနဲ့ဗုံးကျဲ ဒီနည်းလမ်းတွေနဲ့တိုက်ခိုက်တာဖြစ်တယ်။ ကိုယ့်ဘက်ကနေအပိုင်စောင့်ပီးပစ်ရတာတွေရှိတယ်။ ချောင်းမရွာအထိ ၆ရက် ကြာတိုက်ပွဲပေါ့။ ၆ ရက်အတွင်း ၅၀ ဝန်းကျင်သေတယ်လို့ခန့်မှန်းရတယ်။ သူတို့က‌တော့ ချောင်းမကနေ သရက်ပင်ဘက်ကိုထွက်သွားပီး၊

ရဲဘော်တွေကိုအနားပေးဖို့ရယ်၊ ကျည်အခက်ခဲရယ်ကြောင့်ဆက်မလိုက်တော့ဘူး၊ ကျွန်တော်တို့ဘက်က ဒရုန်းတစင်းဆုံးရှုံးခဲ့တယ်။ ဒီဘက်ဒေသတွေရဲ့အင်တာနက်အခက်အခဲတွေကြောင့်တိုက်ပွဲသတင်းတွေတင်တာ နောက်ကျတာတွေအခက်အခဲတွေရှိတယ် ” ဟု CTPDF မှတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယင်းမာပင်ခရိုင်အတွင်း ဩဂုတ်လ ၁၆ရက်‌မှ စတင်ပြီး စစ်ကောင်စီနှင့် CTPDF အပါဝင်မဟာ မိတ်တပ်ဖွဲ့များ ထိတွေတိုက်ပွဲများတွင် မဟာမိတ်တပ်များမှ ရဲဘော် ၇ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ကနီမြို့နယ်အတွင်းဆက်လက်ထွက်ခွာသွားပြီး ကနီမြို့နယ်အတွင်းကျေးရွာများတွင်လည်း စစ်ကြောင်းထိုးဝင်ရောက်နေကြောင်း ဒေသခံများထံကသိရသည်။

#AyeyarwaddyTimes