ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဇွန် ၁၇ ရက်

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ပညာသင်ကြားနေသော ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများအတွက် စနစ်သစ်ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ကျောင်းသုံးပစ္စည်းအချို့ကို Future Hope Foundation မှ မြေပြင်တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ယမန်နေ့ ဇွန် ၁၆ ရက်နေ့တွင် ထုတ်ပြန်သည်။

မတူပီမြို့နယ်တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ပုံနှိပ်စာအုပ်များ ဝယ်ယူမရခြင်းနှင့် ပုံနှိပ်စာအုပ်ဈေးနှုန်းမြင့်မားခြင်းတို့ကြောင့် Future Hope Foundation က ပြီးခဲ့သည့် ဇွန် ၁ ရက်နေ့တွင် မြေပြင်သို့ သွားရောက် ကူညီထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

“အာဏာသိမ်းပြီးနောက်ပိုင်း မတူပီမြို့နယ်မှာ ကိုယ်ထူကိုယ်ထစနစ်နဲ့ ကျောင်းတွေ ဆက်ဖွင့်ပြီး ကလေးတွေ ပညာသင်ကြားနေကြပေမယ့် ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူတွေက ပုံနှိပ်စာအုပ်လိုအပ်ချက်ကို ကြီးကြီးမားမားကြုံတွေ့နေကြပါတယ်။ ဆရာ၊ ဆရာမတွေက ပုံနှိပ် စာအုပ်တွေကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီးမှ ခက်ခက်ခဲခဲနဲ့ ကလေးတွေကို စာသင်ကြားပေးတာပေါ့။ ဒါကြောင့် ကျွန်တော်တို့အဖွဲ့အစည်းက မြေပြင်အထိဆင်းပြီး ပုံနှိပ်စာအုပ်တွေကို ထောက်ပံ့ပေးရခြင်း ဖြစ်ပါတယ်” ဟု Future Hope Foundation ၏ ပြန်ကြားရေးတာဝန်ခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် KG – ၃၀ အုပ်(ဘာသာစုံ)၊ Grade 1- ၃၀ အုပ်(ဘာသာစုံ)၊ Grade 2- ၃၀ အုပ်(ဘာသာစုံ)၊ Grade 3 – ၃၀အုပ်(ဘာသာစုံ)၊ Grade 4- ၃၀ အုပ် (ဘာသာစုံ)၊ Grade 5 – ၁၅ အုပ်(ဘာသာစုံ)၊ Grade 6- ၁၅ အုပ်(ဘာသာစုံ)၊ Grade 7- ၁၅ အုပ်(ဘာသာစုံ)၊ Grade 8 – ၁၅ အုပ်(ဘာသာစုံ)နှင့် Grade 9 -၁၅ အုပ်(ဘာသာစုံ)တို့ကို Future Hope Foundationမှ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

ထို့အပြင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရာတွင် လိုအပ်သော White Board များနှင့် marker Pen များကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

“မတူပီမြို့နယ်တစ်ခုလုံးက လွတ်မြောက်နယ်မြေဖြစ်ပြီးတဲ့နောက်ပိုင်းမှာ စစ်ရှောင်တွေလည်း နေရပ် ပြန်တာများပြီဆိုတော့ ကျောင်းသား၊ ကျောင်းသူ အရေအတွက်ကလည်း ယခင်နှစ်ထက်များလာပြီ။ ကျွန်တော်တို့ ထောက်ပံ့တဲ့ ကျောင်းသုံးပုံနှိပ်စာအုပ်တွေက မလုံလောက်သေးဘူး။ ကျောင်းသား၊ ကျောင်းသူတွေအားလုံး ပုံနှိပ် စာအုပ်ကိုယ်စီရစေချင်တယ်။ ဒါကြောင့် နောက်တစ်ခေါက် ထပ်မံပေးအပ်နိုင်ဖို့ စီစဥ်ဆောင်ရွက်နေပါတယ်” ဟု ပြန်ကြားရေးတာဝန်ခံက ဆက်လက်ပြောဆိုသည်။

ကျောင်းသုံးပုံနှိပ်စာအုပ်များကို Future Hope Foundationမှ တာဝန်ခံများက ပေးအပ်ရာ ကျေးရွာတာဝန်ခံ ပညာရေးဘုတ်အဖွဲ့များက အသီးသီးလက်ခံရယူခဲ့သည်။

ပုံစာ-ကျောင်းသုံးပုံနှိပ်စာအုပ်များပေးအပ်စဥ်။
#မတူပီမြို့နယ် #ကိုယ်ထူကိုယ်ထကျောင်းများ #Future_Hope_Foundation #ကျောင်းသုံးပုံနှိပ်စာအုပ် #ထောက်ပံ့ပေးအပ် #Ayeyarwaddy_Times