
ပြည်မြို့မှာ ၃ နှစ် အရွယ်ကလေးနဲ့မိခင် နဝဒေးတံတားပေါ်က ဧရာဝတီမြစ်ထဲ ခုန်ချ
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၈ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်မြို့မှာ ၃ နှစ်အရွယ် ကလေးနဲ့မိခင် ဒီကနေ့ သြဂုတ်လ ၂၈ ရက် နေ့လည် ၃ နာရီဝန်းကျင်မှာ နဝဒေးတံတားပေါ်ကနေ ဧရာဝတီမြစ်ထဲကိုခုန်ချသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ခုန်ချသွားသူဟာ ခေတ္တရာမြို့သစ် ၁၂ လမ်းမှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် မအိဝေထွန်း (ခ)အိလေးနဲ့ သူမရဲ့ သမီးဖြစ်သူ အသက် ၃ နှစ်အရွယ် မနှင်းရတီမောင်တို့ဖြစ်တယ်လို့ သိရပါတယ်။
” နေ့လည် ၃ နာရီလောက် သားအမိ ၂ ယောက်ဆိုင်ကယ်နဲ့ တံတားပေါ်တက်လာတယ်။ ခလေးဖျားနေလို့ဆိုပြီး ရဲကိုပြောတော့ ရဲကလည်းမစစ်တော့ဘဲနဲ့ လွှတ်ပေးလိုက်တယ်။ တံတားတိုင် ၂ နဲ့ ၃ကြားမှာ ဆိုင်ကယ်ရပ်နေတာတွေ့တော့ ရဲကမသင်္ကါလို့ အဝေးကလှမ်းကြည့်နေတုန်း မြစ်ထဲသားအမိ ၂ ယောက်ခုန်ချသွားတာ။ ဘာလို့ခုန်ချလည်းတော့မသိဘူး”လို့
ပြည်မြို့ခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ခုန်ချသွားပြီးတဲ့နောက် ရဲတွေက တံတားပေါ်ကနေကြည့်နေတဲ့အချိန်မှာ ကလေးက ရေပြင်ပေါ်ပြန်တက်လာပြီး မိခင်ဖြစ်သူက ရေထဲနစ်မြုပ်နေတယ်လို့ သူကဆက်လက်ပြောပါတယ်။
လက်ရှိမှာ မိခင်ရော ကလေးကိုတွေ့ရှိတာမျိုးမရှိသေးဘဲ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေနေဆဲဖြစ်တယ်လို့သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ယက်။
#AyeyarwaddyTimes