ဧရာဝတီတိုင်းမ်
ဇွန် ၁၃ ရက်

ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့်ပြည်တွင်းရွှေဈေးနှုန်းမြင့်တက်လာပြီး အကယ်ဒမီအခေါက် ရွှေတုံးရောင်းချမှုယာယီပိတ်ထားကာ အမေရိကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေလဲလှယ် နှုန်းထားဈေးမြင့်တက်လာကြောင်း သတင်းရရှိသည်။

ယနေ့ ဇွန် ၁၃ ရက်နေ့မှစတင်ကာ ပြည်တွင်းရှိနာမည်ကြီးရွှေသန့်စင်လုပ်ငန်း အကယ်ဒမီအခေါက်ရွှေတုံးသန့်စင် ထုတ်လုပ်မှုကို ယာယီပိတ်ထားမည်ဖြစ်ပြီး ဖွင့်လှစ်မည့်ရက်ကိုပြန်လည် အကြောင်းမည်ဖြစ်ကြောင်း အကယ်ဒမီရွှေသန့်စင်လုပ်ငန်းက ထုတ်ပြန်ထားသည်။

ယခုနှစ်ရက်အတွင်းကမ္ဘာ့ရွှေဈေးရုတ်တရက်မြင့်လာခြင်းဖြစ်ကာ ရွှေတစ်အောင်စလျှင် ကန်ဒေါ်လာ ၃၃၈၅ ဒေါ်လာထိမြင့်တက်ပြီး ဈေးလှုပ်ခတ်မှုရှိကြောင်းသိရသည်။

ပြည်တွင်ရွှေဈေး အကယ်ဒမီအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် သိန်း ၈၀ နီးပါးပေါက်ဈေးရှိပြီး အကယ်ဒမီအတုံးအရောင်းပိတ်ထားသဖြင့် ကြိုက်ရောင်း၊ ကြိုက်ဝယ်ဈေးကွက်ဖြစ်ကြောင်း ရွှေနှင့်ဒေါ်လာရောင်းဝယ်သူတစ်ဦးက ပြောကြားသည်။

” ရွှေဈေးတက်တော့ ပိတ်ပြီလေသူတို့ကရောင်းတဲ့သူများမှာလည်းစိုးတယ်။ ဒီတစ်လျှောက်ကဈေးတက်နေတာပဲ။ အခု ရွှေလုပ်ငန်းရှင်တွေ စစ်ဆေးမေးမြန်းခံနေရတယ်လို့ကြားတယ်။ သေချာတော့မသိဘူး။ မနှစ်ကလည်း ဒီလိုအချိန်ပဲ။ ရွှေဆိုင်လုပ်ငန်းရှင်တွေဖမ်းခံရတာ ” ဟု ၎င်းက ဆိုသည်။

ထို့ပြင်လပေါင်းအတော်ကြာတည်ငြိမ်နေသော အမေရိကန်ဒေါ်လာဈေးသည် ကမ္ဘာ့ရွှေဈေးမြင့်တက်လာပြီး နောက်လှုပ်ခတ်သွားရာ ကန်တစ်ဒေါ်လာလျှင် ၄၃၈၀ ကျပ်မှ ၄၄၆၀ ကျပ်အထိမြင့်တက်သွားကြောင်း ငွေကြေးဈေးကွက်ထံမှသိရသည်။

ယင်းပြင်နိုင်ငံခြားငွေလဲလှယ်နှုန်းထားများမြင့်တက်ရာတွင် ထိုင်းဘတ်လျှင် ၁၃၁ ကျပ်မှ ၁၃၆ ကျပ်ထိမြင့်တက်ပြီး တရုတ်ယွမ် တစ်ယွမ်လျှင် ၆၀၅ ကျပ်မှ ၆၂၀ ကျပ်ထိဈေးတက်လာကြောင်းစုံစမ်းသိရသည်။

လက်ရှိပြည်တွင်းရွှေအရောင်းဆိုင်များတွင် အကယ်ဒမီအခေါက်ရွှေအတုံးရောင်း၊ဝယ်မှုရပ်ထားထားပြီး လက်ဝတ်ရွှေထည်၊စိန်ထည်များရောင်းချလျှက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လတွင် အောင်သမာဓိ၊ ဇွဲထက်၊ အကယ်ဒမီရွှေသန့်စင်လုပ်ငန်း၊ ဝိန့်စိန်၊ စိန်ကျော်မိုး၊ ရွှေဇင်ဝင်းရွှေသန့်စင်လုပ်ငန်းအပါအဝင် ရွှေကုန်သည် ၁၀ ဦးကို ဖမ်းဝရမ်းထုတ်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။


ဓာတ်ပုံ-လူမှုကွန်ရက်

#ကမ္ဘာ့ရွှေဈေးတက် #ပြည်တွင်းရွှေဈေးတက် #နိုင်ငံခြားငွေလဲလှယ်နှုန်းထားတက် #Ayeyarwaddy_Time