
ဧရာဝတီတိုင်းမ်
ဇွန် ၁၃ ရက်
မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်ဗျူဟာမှ စစ်ရှူံးပြီး ကစဉ့်ကလျားထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချင်းကာကွယ်ရေးတပ်(အရှို) CDF-Asho က ဖမ်းဆီးရမိထားကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခြင်းကြောင့် ဇွန် ၈ ရက်မှ ၁၂ ရက်နေ့အထိ ငါးရက်အတွင်း နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း ဗျူဟာကုန်းအနီးမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၂၃ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း CDF-Asho က ထုတ်ပြန်သည်။
CDF-Asho သည် နတ်ရေကန်ဗျူဟာကုန်းအနီး မီတာ ၁၅၀၀ ပတ်လည်နတ်ရေကန်လမ်းဟောင်း ဖြတ်တောက်တိုက်ခိုက်ရေး လုပ်ဆောင်နေစဉ်အတွင်း ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများနှင့်အတူ MA 1 ငါး လက်၊ MA 3 သုံး လက်နှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း CDF-Asho ထံမှ သိရသည်။
ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းများသည် စစ်မှုမထမ်းမနေရ ဥပဒေဖြင့် အတင်းအဓမ္မပေါ်တာဆွဲခြင်းခံရကာ စစ်မှုထမ်းနေရသူများဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့မျာနှင့် ချိတ်ဆက် ဆက်သွယ်၍ အမြန်ဆုံးအလင်းဝင်ပူးပေါင်းကြရန် CDF-Asho က တိုက်တွန်းထားသည်။
နတ်ရေကန်ဗျူဟာတစ်ဝိုက်ရှိ ကာကင်းစခန်းများနှင့် MPT တာဝါတိုင်ကုန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားပြီး နတ်ရေကန်လေ ကြောင်းရန် ကာကွယ်ရေးတပ်မှာလည်း ပိတ်ဆို့ခံထားရသည့် အနေအထားဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီက နတ်ရေကန်စခန်းကို အင်အားဆက် တိုက်ဖြည့်တင်းနေပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက နတ်ရေကန်ကို ပို့ဆောင်မည့် လူအင်အားအပြည့်တင်လာသည့် စစ်ယာဉ်တန်းများ မစခ ၉၀၅ အတွင်း အခြေပြုနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
ဓာတ်ပုံ-CDF-Asho
#နတ်ရေကန်ဗျူဟာ #ထွက်ပြေး #စစ်ကောင်စီ #တပ်သား #CDf_Asho #ဖမ်းမိ #Ayeyarwaddy_Times