နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၁၃ ရက်

မြန်မာနိုင်ငံရှိ အခြေခံပညာ ကျောင်းများတွင် စာမေးပွဲဖြေဆိုစရာ မလိုသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအဝင် ဝါဒဖြန့်ဘာသာရပ်များကို အသက်အရွယ်အလိုက် သင်ကြားရမည် ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ၎င်း၏ ပြင်ဦးလွင်ခရီးစဉ်အတွင်း ပြောဆိုခဲ့သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန် ၁၁ ရက်က ပြင်ဦးလွင်မြို့ ခရီးစဉ်တွင် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ အဆိုပါကိစ္စရပ်အား ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ အစရှိတဲ့ ကျောင်းသား၊ ကျောင်းသူအရွယ်တွေ သိရှိနားလည်နိုင်တဲ့ ဥပဒေတွေကို သင်ကြားပေးတာ ဖြစ်ပါတယ်။ ဥပဒေနဲ့ ပတ်သက်ပြီး စာမေးပွဲဖြေဆိုရမှာ မဟုတ်ဘူး” ဟု စစ်ခေါင်းဆောင်က ဆိုသည်။

ထို့အပြင် ၎င်းတို့အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေခြင်းကြောင့် ဒီမိုကရေစီ စနစ်တွင် ဥပဒေကို သိရှိနားလည်ရန်လိုအပ်သဖြင့် ဌာနဆိုင်ရာ အကြီးအကဲများအား ဥပဒေသင်တန်း များ မဖြစ်မနေ တက်ရောက်စေခဲ့ကြောင်း စစ်ခေါင်းဆောင်က ဆက်လက်ပြောဆိုသည်။

ယမန်နှစ်တွင် စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက် အခြေခံပညာကျောင်းများတွင် ယင်းဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တော်လှန်ရေး အင်အားစုများကို ပုံဖျက်ရေးထားသော အကြမ်းဖက်ဥပဒေ စသည့်ဝါဒဖြန့် ဘာသာ ရပ်များကို သင်ကြားရန် စစ်ကောင်စီက စတင်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် အာဏာသိမ်း စစ်ကောင်စီသည် အခြေခံပညာ အထက်တန်းအဆင့် ဆရာ၊ ဆရာမများကိုလည်း ရက်တိုသင်တန်းများ သင်ကြားပေးခဲ့ကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး အဖွဲ့ (BACS)၏ အချက်အလက်များအရ သိရသည်။

“ဉာဏ်မရှိ ယုတ်မာချင်တိုင်း ကလေးတွေကိုပါ ဆွဲထည့်အသုံးချတာ။ နိုင်ငံရေးကို ပုံမှားရိုက်ပြီး သင်မယ်။ တော်လှန်ရေးအတွက် ကြိုးစားနေတဲ့ လူငယ်တွေကို သူပုန်လို့မြင်အောင်လုပ်မယ်။ တကယ့်ယုတ်ညံ့တဲ့ အကြံအစည်ပဲ” ဟု CDM ကထိကဆရာမတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် အခြေခံပညာကျောင်းများ၌ KG + 12 အဆင့်ကို သင်ကြားပေးနေပြီး KG + 11 နှင့် KG + 10 ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်သင်ကြားပေးသွားမည်ဟု စစ်ခေါင်းဆောင်က ပြောဆိုကြောင်း စစ်ကောင်စီထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် KG + 12 တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများသည် အသက် ၁၇ နှစ်နှင့် ၁၈ နှစ်အရွယ် ပတ်ဝန်းကျင်များဖြစ်ကြပြီး အသက် ၁၈ နှစ်ပြည့်ပါက ဆန္ဒမဲပေးရမည်ဖြစ်၍ ဥပဒေကို သိရှိနားလည်နိုင်ရေး သင်ကြားပေးခြင်းဖြစ်ကြောင်း ဆိုထားသည်။

“စာသင်ချိန်မှာ တော်လှန်ရေးအပေါ် အမြင်စောင်းပြီး သူတို့စစ်တပ်ကောင်းကြောင်း ရိုက်သွင်းမှာတော့ လက်မခံနိုင်ဘူး။ ပြီးတော့ စစ်မှုထမ်းဥပဒေနဲ့ စစ်သင်တန်းထဲ ဆွဲခေါ်သွားပြီး ရှေ့တန်းပို့ခံရမှာ” ဟု အထက်တန်း ကျောင်းသား မိဘတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင်ကမူ ၎င်းတို့ဝါဒဖြန့် ဘာသာရပ်များကို သင်ကြားပေးမည့် ဆရာ၊ ဆရာမများကိုလည်း ဥပဒေကို နားလည်သိရှိအောင် Training of Trainners (TOT) သင်တန်းများပေးပြီး သင်ကြား စေခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ပြောဆိုထားသည်။

ဓာတ်ပုံ-စစ်ကောင်စီ
#အခြေခံပညာကျောင်းများ #စာမေးပွဲဖြေဆိုရန်မလို #ဝါဒဖြန့်ဘာသာရပ်များ #သင်ကြား #စစ်ခေါင်းဆောင်ပြော #Ayeyarwaddy_Times