ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ၎င်းတာဝန်ယူထားသည့် ရာထူးမှ အနားယူကာ သမ္မတ၏ မျှော်မှန်းချက်များကို မြှင့်တင်ပေးသွားမည်ဟု ယနေ့ ဇွန် ၁၀ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ထို့အတူ NUG သမ္မတရုံးကလည်း ၎င်းကို ယနေ့မှ စ၍ ပြောရေးဆိုခွင့်ရှိသူတာဝန်မှ အနားယူခွင့်ပြုကာ သမ္မတရုံး၏ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကဏ္ဍများတွင် ဆက်လက်တာဝန်ယူ ထမ်းဆောင်စေမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထိုသို့ အနားယူရသည့်အကြောင်းရင်းနှင့်ပတ်သက်၍ NUG သမ္မတရုံးနှင့် ဦးကျော်ဇော်တို့က ဖော်ပြပြောဆိုခြင်း မရှိ​သလို ဝန်ကြီးချုပ်ရုံး၏ ပြောခွင့်ရ ဦးနေဘုန်းလတ်ကို ဧရာဝတီတိုင်းမ် သတင်းဌာနက ဆက်သွယ်မေးမြန်းသည့်ခဲ့သော်လည်း တိကျစွာ ဖြေကြားခဲ့ခြင်းမရှိပေ။

ဦးကျော်ဇော၏ ထုတ်ပြန်ချက်အရ ၎င်းတာဝန်ယူ လုပ်ဆောင်သွားမည့် အခန်းကဏ္ဍအသစ်သည် သမ္မတ၏ မျှော်မှန်းဆောင်ရွက်ချက်များကို မြှင့်တင်ပေးကာ သမ္မတရုံး၏ အဓိကအဖွဲ့ဝင်တစ်ဦးအဖြစ် ဆက်လက်ပါဝင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် NUG အစိုးရနှင့် နွေဦးတော်လှန်ရေးအပေါ်ထားရှိသည့် ကတိကဝတ်များကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး သမ္မတရုံး ပြောခွင့်ရအဖြစ် တာဝန်ထမ်းဆောင်ခွင့် ရခဲ့သည့်အတွက် လွန်စွာ ဂုဏ်ယူဝမ်းမြောက်ခဲ့ကြောင်း ဆိုထားသည်။

ထို့ပြင် လေးနှစ်တာအတွင်း သမ္မတရုံး ပြော​ခွင့်ရ တာဝန်ကို ယုံကြည်စွာ အပ်နှင်းခဲ့သည့် NUG သမ္မတ၊ အစိုးရအဖွဲ့ဝင်များနှင့် သမ္မတရုံးအတွင်းဝန်တို့ကိုလည်း အထူးပင် ကျေးဇူးတင်ရှိကြောင်း ဦးကျော်ဇော်က ၎င်း၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

#NUGသမ္မတ #ဦးကျော်ဇော #တာဝန်မှအနားယူ #သမ္မတမျှော်မှန်းချက်များ #မြှင့်တင်ပေးမည် #Ayeyarwaddy_Times