
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်
ပြည်သူလူထုကို လုံခြုံစွာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက် စစ်ကောင်စီ၏ ဗုံးကြဲဒဏ်ခံနိုင်သော မြေအောက်ဆေးရုံ (၂)ရုံကို စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးထံက သိရသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် စာသင်ကျောင်းများကိုသာမက ဆေးရုံ၊ ဆေးခန်းများကို ပစ်မှတ်ထား တိုက်ခိုက်နေသောကြောင့် NUG ကျန်းမာရေးဝန်ကြီးဌာနက ကမ်ပိန်းပြုလုပ်ကာ ထိုကဲ့သို့ ဆောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
“အခုက တစ်ဖက်မှာ ရန်ပုံငွေရှာနေရင်း တစ်ဖက်က တည်ဆောက်နိုင်မယ့် နေရာတွေကို လေ့လာရှာဖွေလျက်ရှိသလို လက်ရှိ ဆေးရုံ နှစ် ရုံကို စတင်ဆောက်လုပ်နေပြီ ဖြစ်ပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ ဗုံးကြဲဒဏ်ခံနိုင်သည့် မြေအောက်ဆေးရုံ၊ ဆေးခန်းများ ဆောက်လုပ်နိုင်ရန် NUG ကျန်းမာရေးဝန်ကြီးဌာနက Safe Hospital, Safe Healthcare ကမ်ပိန်းပြုလုပ်နေပြီး လက်ရှိတွင် ၆၀ ရာခိုင်နှုန်းနီးပါး ရရှိနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကမ်ပိန်းကို ပြီးခဲ့သည့် မေ ၂၄ ရက်မှ ယခုလဇွန် ၃၀ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄ သိန်း ရည်မှန်းချက် (Target)ထားကာ ဆေးရုံ ခုနစ် ခု (သို့) ရှစ် ခု ဆောက်လုပ်နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“စစ်အုပ်စုဘက်က ဆေးရုံ၊ ဆေးခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေပေမယ့် NUG အနေနဲ့ကတော့ ပြည်သူ လူထုကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောသည်။
ဗုံးကြဲဒဏ်ခံနိုင်သော မြေအောက်ဆေးရုံ နှစ်ရုံကို မည်သည့်နေရာဒေသတွင် တည်ဆောက်နေသည်ကို ပြောဆိုခြင်းမရှိသလို ပြီးစီးနိုင်မည့် ကာလအားဖြင့်လည်း ပုံမှန်အခြေအနေမျိုး မဟုတ်သည့်အတွက် အတိအကျပြောရန်ခက်ကြောင်း ၎င်းက ဆိုသည်။
ပုံစာ-စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက် ကျေးရွာရှိ ဆေးရုံကိုပြီးခဲ့သည့် ဇွန် ၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက ဗုံးကြဲထားသည့် မြင်ကွင်း။
#ဗုံးကြဲဒဏ်ခံနိုင် #မြေအောက်ဆေးရုံ၂ရုံ #စတင်ဆောက်လုပ် #ဆေးရုံ၈ရုံ #လျာထား #NUG #Ayeyarwaddy_Times