
ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်း တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီနှင့် KIA တို့သည် ယနေ့ ဇွန် ၁၀ ရက် နံနက် ၁၀ နာရီခန့်က အောင်သာယာကွက်သစ် ဘက်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။
“မနေ့ကရော ဒီနေ့ရော တိုက်ပွဲပြင်းထန်တယ်။ မနေ့ကဆို စစ်တပ်ဘက်က အယောက် ၂၀ လောက်သေနိုင်တယ်။ အလောင်းတွေကို ပြန်ဆွဲသွားပြီး တပ်စွဲထားတဲ့ မှော်စီစာဘုန်းကြီးကျောင်းထဲ ပြန်ဝင်သွားတယ်” ဟု ဖားကန့်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အင်အား ၆၀ ခန့်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းသည် ၎င်းတို့တပ်စွဲထားရာ မှော်စီစာဘုရားကုန်း မှနေ၍ အောင်သာယာကွက်သစ်နှင့် ပတ်ဝန်းကျင်ရွာများသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ဇွန် ၉ ရက် နံနက် ၁၀ နာရီခန့်ကလည်း လုံးခင်းတိုက်နယ်၊ မဇွပ်ယာန်-ကထန်မှော် သွားလမ်းနှင့် ကုဋေမှော်အနီးတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KIA က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးမှုများပြီး စစ်ကြောင်းလိုက် ပြန်လည်ထွက်ပြေးသွားကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့က လုံးခင်း ယမ်းချက်စက်ရုံသို့ ရောက်ရှိလာသည့် စစ်ကောင်စီ စစ်ကြောင်းသည် နယ်ခံစစ်ကြောင်းများနှင့် ပူးပေါင်း၍ ဖားကန့်မြို့နယ်၊ လုံးခင်းနှင့် မှော်စီစာ ပတ်ဝန်းကျင်တွင် အခြေပြုနေရာယူထားပြီး ဖားကန့်ဗျူဟာသို့ ပူးပေါင်းသွားသည့် တပ်ဖွဲ့ဝင်များလည်း ရှိကြောင်း သိရသည်။
ဖားကန့်နယ်ထဲသို့ ဝင်လာသည့်စစ်ကြောင်းက မေလ ၃၁ ရက်နေ့မှစတင်ကာ ဖားကန့်ရှိ ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက်များအတွင်းဝင်ရောက်ပြီး စက်ယန္တယားများကို မီးရှို့ဖျက်ဆီးခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို နေ့စဉ်ပြုလုပ်လျက်ရှိသည်။
ဖားကန့်သို့စစ်ကြောင်းထိုးလာသည့် တပ်ဖွဲ့မှာ ဖားကန့် ဗျူဟာတွင်နေရာယူထားသည့် တပ်မ (၃၃) နှင့် နေရာချင်းလဲလှယ်ရန် ရောက်ရှိလာခြင်းဖြစ်သည်ဟု သတင်းလွှင့်ထားသော်လည်း ဖားကန့်နယ်မြေတွင် စိုးမိုးမှုရရှိရန် အဖွဲ့ငယ်များခွဲ၍ လုံခြုံရေးယူကာ စစ်ကြောင်းထိုးမှုများရှိနေကြောင်း သိရသည်။
ပုံစာ-KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)
#ကချင် #ဖားကန့် #တိုက်ပွဲဖြစ် #စစ်ကောင်စီစစ်ကြောင်း #ထွက်ပြေး #Ayeyarwaddy_Times