
ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်
ပြီးခဲ့သည့် မေလတွင် ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူ ၁၈၀ ကျော်သည် စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရသည်။
ဖမ်းဆီးခံရသူများအနက် ၂၉ ဦးမှာ ပြန်လည်လွတ် မြောက်လာခဲ့ပြီး ၂၆ ဦးမှာ ပြန်မလွတ်သေးဘဲ စစ်မှု ထမ်းသင်တန်းကျောင်းများနှင့် အကျဉ်းထောင်များသို့ ပို့ဆောင်ခံရကြောင်း ရန်ကုန်တိုင်း ထူးခြားဖြစ် စဥ်များနှင့် စစ်ကောင်စီတပ်၏ လှုပ်ရှားမှုများကို အဓိကထား ဖော်ပြနေသော Rangoon Scout Network က ကောက်ယူထားသည့် အချက်အလက်များအရ သိရသည်။
ကျန်သည့် ၁၂၅ ဦးမှာမူ ဖမ်းဆီးခံရပြီးနောက် နောက် ဆက်တွဲအခြေအနေများကို ဆက်လက် စုံစမ်း၍မရသေးကြောင်း Rangoon Scout Network က ဆိုထားသည်။
ထိုသို့ ဖမ်းဆီးခံရသူများအနက် လူငယ် ၂၀ ဦးကို စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အတည်ပြုနိုင်ပြီး တက္ကသိုလ်ကျောင်းသားနှစ်ဦးပါရှိကြောင်း သိရသည်။
စစ်ကောင်စီသည် ညအိပ်ချိန် ငလျင်လှုပ်မည်ကိုကြောက်၍ တိုက်အောက်ဆင်းနေသည့် လူငယ်တစ်ဦး ကိုလည်း စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်မှုထမ်းဆောင်ခြင်းမပြုလို၍ မိမိကိုယ်ကို သတ်သေသွားသည့် လူငယ်တစ်ဦးလည်း ရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် လူမှုကွန်ရက်စာမျက်နှာတွင် စစ်ကောင်စီကို ဝေဖန်ရေးသားသည်ဟုဆိုကာ လူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့ပြီး အဆို တော်ချမ်ချမ်းနှင့် ချိတ်ဆက်၍ ထောက်ပို့လုပ်သည်ဟုစွပ်စွဲကာ လူငယ်တစ်ဦးကို လည်း ဖမ်းဆီးခဲ့သည်။
ယင်းအပြင် စစ်ကောင်စီက တော်လှန်ရေးအဖွဲ့များနှင့် ဆက်စပ်လုပ်ကိုင်နေသည်ဟု စွပ်စွဲ၍ ဖမ်းဆီး ခံရသူ ပြည်သူ ၄၀ ဦးအထိ ရှိခဲ့ကြောင်း Rangoon Scout Network ထံမှ သိရသည်။
စစ်ကောင်စီသည် လှည်းကူးမြို့နယ်ရှိ ဖောင်ကြီး စစ်အခြေခံလေ့ကျင့်ရေးတပ် စခတ-၁ နှင့် တိုက်ကြီးနယ်ရှိ ဂျိုးဖြူ တန်းမြင့်သင်တန်းကျောင်း တတက-၁ တို့တွင် ပြီးခဲ့သည့် မေလ ၁၉ ရက်က အမှတ်စဉ်(၁၃) စစ်မှုထမ်းသင်တန်း စတင်ခဲ့ပြီး လူငယ် ၅၈၀ ခန့်ကို သင်တန်းပေးနေကြောင်း သိရသည်။
ပုံစာ-စစ်ကောင်စီက စစ်မှုထမ်းရန်အတွက် အဓမ္မဖမ်းဆီးစုဆောင်းထားသူများကို ရန်ကုန် ဖောင်ကြီးရှိ စခတ-၁ တွင်တွေ့ရစဉ်။
#ရန်ကုန် #မေလ #လူငယ်၁၈၀ကျော် #စစ်ကောင်စီဖမ်းဆီး #Ayeyarwaddy_Times