ဧရာဝတီတိုင်းမ်
(ကြို့ပင်ကောက်)၊ ဇွန် ၄ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ပိတောက်မြိုင်ရွာအနီးတွင် စစ်ကြောင်းထိုး လာသည့် စစ်ကောင်စီစစ်ကြောင်းကို ပြီးခဲ့သည့် ဇွန် ၁ ရက်နေ့ နှင့် ၂ ရက်နေ့အတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ခြောက် ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဇီးကုန်မြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ နှင့် ဘော်ဘင်ရွာရှိ ပျူစောထီးအဖွဲ့ဝင်များပါဝင်သည့် အင်အား ၈၀ ပါစစ်ကြောင်းသည် ပိတောက်မြိုင်ရွာအနီးသို့ စစ်မှုထမ်းတပ်သားသစ်အတင်းအဓမ္မစုဆောင်းရန် စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေးတက်ဖွဲ့များက နှစ်ရက်ဆက်တိုက် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှ ခြောက် ဦးသေဆုံးခဲ့ပြီး တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိကာ သေဆုံးအလောင်းများကို ဘယ်ဆောင်၍ ၎င်းတို့စခန်းချရာ ဇီးကုန်းမြို့နယ်၊ ဘောဘင်ရွာသို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

“ဒီစစ်ကြောင်းက ဇီးကုန်မြို့နယ်၊ ဘော်ဘင်ရွာမှာ အထိုင်ချ တပ်စွဲနေတာဲ့စစ်ကြောင်းပါ။ ကြို့ပင်ကောက် မြို့နယ်အရှေ့ ပိတောက်မြိုင်ရွာကို ဝင်ပြီးပေါ်တာဆွဲတယ်။ ဘော်ဘင်ရွာက ပျူတွေအများဆုံးရွာ အဲ့မှာတပ်စွဲပြီး အနီးဝန်းကျင်ကို ပေါ်တာဆွဲငွေညှစ်နေတာ” ဟု ကြို့ပင်ကောက် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ ၎င်းတို့တပ်ဖွဲ့များသေဆုံးကာ ဆုတ်ခွာခဲ့ရသည့်အတွက် ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးရန်ပြင်ဆင်မှုများပြုလုပ်နေပြီး တော်လှန်ရေးတပ်ဖွဲ့ များမှလည်း ၎င်းတို့ကို၏လှုပ်ရှားမှုများကို မျက်ခြေမပျက်စောင့်နေကြောင်းလည်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို တပ်ရင်း-၃၇၀၁၊ တပ်ခွဲ-၂(BTZM GBK PDF)၊ ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တပ်ရင်း- ၃၈၀၁၊ တပ်ခွဲ-၁(YOMA GBK PDF) တပ်ဖွဲ့၊ တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၁(Dragon Brothers) တပ်ဖွဲ့ တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – အမျိုးသားညီညွတ်ရေးအစိုးရ(ပုံဟောင်း)။

#ကြို့ပင်ကောက် #တိုက်ပွဲ #စစ်ကြောင်းထိုး #စစ်ကောင်စီ #ပျူစောထီး #ပေါ်တာဆွဲ #စစ်မှုထမ်းစုဆောင်း #Ayeyarwaddy_Times