
ဧရာဝတီတိုင်းမ်
ဇွန် ၁ ရက်
မန္တလေးနှင့်စစ်ကိုင်းအခြေပြု ငလျင်ကြီးလှုပ်ခတ်မှု နှစ်လကျော်ကြာသည့်အထိ ပြန်လည်ထူထောင်ရေး အတွက် ထောက်ပံ့ငွေမရသေးသူများ ကျန်ရှိနေကာ ငလျင်လှုဒါန်းငွေများ ပွင့်လင်းမြင်သာမှုရှိ စေရန်အဖွဲ့အစည်း တစ်ခုတည်ထောင်သင့်ပြီး နိုင်ငံတကာအလှူငွေများကို ဗဟိုချုပ်ကိုင်မှုလျော့ချရန် လိုအပ်ကြောင်း မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့(Myanmar Narrative Think Tank) ဥက္ကဋ္ဌဦးကိုကို ပြောကြားခဲ့ကြောင်း သိရသည်။
နေပြည်တော်တွင် မေ ၃၀ ရက်နေ့က ကျင်းပသော ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည် ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းသုံးသပ်ပွဲတွင် ဦးကိုကို က ပြောကြားခြင်းဖြစ်သည်။
မန္တလေးနှင့်စစ်ကိုင်းမြို့ရှိ ငလျင်ဘေးသင့်ပြည်သူများသည် ပြည်သူအချင်းချင်းပုဂ္ဂလိကကူညီမှု၊ လူမှု ကူညီရေးအသင်းများမှကူညီမှုများအပါအဝင်ကျန်ရှိငွေများဖြင့် ကြိုးစားနေထိုင်ရကြောင်း သိရသည်။
“ အိမ်ကဖြိုပြီးသွားပြီ။ ပြန်တော့မဆောက်ရသေးဘူး။ ကိုယ်ပိုင်အိမ်လည်းဖြစ်တော့ လှူဒါန်းသူတွေရဲ့ စာရင်းမှာလည်းမပါတော့ အခက်အခဲရှိပါတယ်။ အခုတော့ သူများအိမ်က အတူပေးနေလို့ နေလို့ ရတယ်။ အိမ်ပြန်ဆောက်ဖို့ ကိုယ့်ဘာသာရုန်းကန်ရမယ်” ဟု ငလျင်ဘေးဒဏ်သင့်သူ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီနတိုင်းမ်ကို ပြောသည်။
ငလျင်ဘေးအတွင် အလှူရှင်များနှင့် အကူအညီပေးမှုများအတွက် ထပ်နေသည်မျိုးမရှိစေရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် Donor Coordination & Aid Management ယန္တရားတစ်ခုကို ဖွဲ့စည်းသင့်ပါကြောင်း မြန်မာ့ ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) ဥက္ကဋ္ဌဦးကိုကိုက ဆိုထားသည်။
အဆိုပါဆွေးနွေးပွဲတွင် ငလျင်အလွန်ကာလတွင် ကဏ္ဍအလိုက် မူဝါဒပိုင်းဆိုင်ရာ ဖြေလျှော့ သင့်သည်များကို ဖြေလျှော့သွားနိုင်ရန်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် နိုင်ငံတကာလှူဒါန်းငွေများကို အသုံးပြုရာတွင် ဗဟိုချုပ်ကိုင်မှုစနစ် ဖြေလျှော့ပေးရန်လိုအပ်ကြောင်း တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းကငလျင်ဘေးသင့်ဒေသများ၌ ပြည်သူများကို ကျန်းမာရေး၊ ယာယီတဲ၊ အိမ်ဆောက်ပစ္စည်းနှင့် မိသားစုတစ်ကိုယ်သုံးပစ္စည်းများကိုထောက်ပံ့ပေးနေပြီး လာမည့် နှစ်နှစ်အတွင်းကူညီထောက်ပံ့နိုင်ရန် လျာထားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) ကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် လက်ရှိအာဏာသိမ်း စစ်ကောင်စီ လက်အောက်ရှိ ပြန်ကြားရေးဝန်ကြီးဌာနက ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါအဖွဲ့တွင် စစ်ကောင်စီအဖွဲ့ဝင်များ၊ ပညာရှင်ဆိုသူများ၊ မီဒီယာသမားများ၊ သုတေသီများနှင့် အခြားဆက်စပ်နယ်ပယ်မှ ပုဂ္ဂိုလ်များ ပါဝင်ပြီး မြန်မာနိုင်ငံနှင့်ပတ်သက်သော စစ်ကောင်စီ၏ လုပ်ရပ်များကို ကောင်းမွန်စွာ ဖော်ညွှန်းတင်ပြရန်နှင့် မှားယွင်းသော အမြင်များကို ချေပရန် ဖွဲ့စည်း ထားသည့် အဖွဲ့ဖြစ်ကြောင်း သိရသည်။
ငလျင်ဘေးပြည်သူကူညီထောက်ပံ့နိုင်ရန်အတွက် ဧပြီ ၁ ရက်နှင့် မေ ၂၉ ရက်နေ့တွင် အလှူငွေပေးအပ် ပွဲကျင်းပပြီး ပထမအကြိမ်တွင် ပြည်တွင်း ပြည်ပစေတနာရှင်၊ အလှူရှင်များက ကျပ်ငွေ ၁၁၂ ဒသမ ၈၇ ဘီလီယံ၊ အလှူပစ္စည်းတန်ဖိုး ၁၂ ဒသမ ၄ ဘီလီယံ၊ ဒုတိယအကြိမ်တွင် ကျပ်ငွေ ၁၃၁ ဒသမ ၅၃ ဘီလီလျံ နှင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ သန်းကျော်ရရှိကြောင်းစစ်ကောင်စီထံမှ သိရသည်။
ထို့ပြင် ဥရောပသမဂ္ဂနိုင်ငံများက မြန်မာ့ငလျင်ဘေးအတွက်ကူညီထောက်ပံ့မှုပမာဏ ယူရို ၁၃ သန်း၊ တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများ၊ ဂျပန်နိုင်ငံက ဒေါ်လာ ၆ သန်းအပါအဝင် နိုင်ငံတကာမှ လူသားချင်းစာနာထောက်ထားမှုအလှူငွေ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ စစ်ကောင်စီက ရရှိထားသည်။
လက်ရှိတွင် စစ်ကိုင်းပြတ်ရွေ့ ငလျင်ကြီးလှုပ်ခတ်မှုကြောင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းနှင့် ပြည်နယ် ၁၀ ခုတွင် ရပ်ကွက် ၃၇၄ ခု၊ ကျေးရွာအုပ်စု ၉၄၄ စု၊ ကျေးရွာ ၂,၀၈၁ ရွာ၊ အိမ်ထောင်စု ၁၆၂,၁၆၇၊ လူဦးရေ စုစုပေါင်း ၅၀၆,၀၆၉ ဦး ဘေးသင့်ခဲ့ပြီး သေဆုံးသူ ၃,၇၃၉ ဦး၊ ပျောက်ဆုံးသူ ၆၈ ဦး၊ ဒဏ်ရာရသူ ၅,၁၀၄ ဦး ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – MO
#ငလျင်အလှူငွေများ #အဖွဲ့အစည်းလိုအပ် #နိုင်ငံတကာအလှူငွေများ #ဗဟိုချုပ်ကိုင်မှု #ငလျင်ဘေးကူညီများ #Ayeyarwaddy_Times