
ဧရာ၀တီတိုင်းမ်
မေ ၃၁ ရက်
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀ ၊ (၂၅x၂၆) လမ်းကြားတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ထားသည့် RC လေးထပ်အဆောက်အအုံကို လူအားဖြင့် ဖြိုချစဉ် ယနေ့ မေ ၃၁ ရက် ညနေ ၅ နာရီ ၅၈ မိနစ်ခန့်က အဆောက်အအုံပြိုကျမှု ဖြစ်ပွားခဲ့ပြီး အလုပ်သမားများ ပိမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး၊ အခြားအမျိုးသားတစ်ဦးမှာ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
သေဆုံးသူနှင့် ဒဏ်ရာရသူတို့အား ည ၆ နာရီ ၂၀ မိနစ်တွင် အပျက်အစီးများအောက်မှ ထုတ်ယူနိုင်ခဲ့ပြီး အဖြူရောင်နှင်းဆီလူမှုကူညီရေးအသင်း၏ သူနာတင်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့သည်။
အဆိုပါ RC ၄ ထပ်အဆောက်အအုံသည် ပြီးခဲ့သည့် မတ် ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ ရစ်ချ်တာစကေးဖြင့် လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးထားသည့် အဆောက်အအုံတစ်ခုဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန
#မန္တလေး #ငလျင်ထိအဆောက်အအုံဖြို #ပြိုကျမှုဖြစ်ပွား #အလုပ်သမားသေဆုံး #Ayeyarwaddy_Times