နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၂၉ ရက်

စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လျက်ရှိသော မြန်မာ့အရေး ကိစ္စရပ်များ ဖြေရှင်းနိုင်ရန် အာဆီယံအဖွဲ့က ချမှတ်ထားသော မူငါးချက်ဖြင့် မလုံလောက်သလို အတင်းအကြပ် ဖိအားပေး ဆွေးနွေးစေခြင်းမျိုးအား လက်မခံနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံးက တုန့်ပြန်ပြောဆိုသည်။

အာဆီယံအနေဖြင့် မြန်မာ့အရေး ဆောင်ရွက်ရာတွင် စစ်ခေါင်းဆောင်ကိုယ်တိုင် သဘောတူညီပြီး လိုက်နာမှုမရှိသော မူငါးချက်ကိုသာ ကိုင်စွဲနေခြင်းထက် ထိရောက်မည့် ဖိအားပေးမှုများအား ဆွေးနွေးတိုင်ပင် လုပ်ကိုင်သင့်ကြောင်း ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ထောက်ပြပြောဆိုသည်။

“ဒီမူငါးချက်နဲ့တော့ ကျွန်တော်တို့နိုင်ငံရဲ့ အရေးကိစ္စတွေကို ဖြေရှင်းဖို့ မလုံလောက်ဘူး။ အဲလိုမဟုတ်ဘဲနဲ့ အတင်းအကြပ် ဖိအားပေးပြီးပြောဆိုဆွေးနွေး စေတာမျိုးကိုတော့ ကျွန်တော်တို့ လက်မခံနိုင်ဘူးဆိုတာ ပြောသားပြီးဖြစ်တယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းအပြင် NUG အစိုးရအနေဖြင့် ၎င်းတို့နှင့် တော်လှန်ရေး အင်အားစုများ ထုတ်ထားသည့် ဘုံသဘောတူညီချက်၊ နိုင်ငံရေး ရပ်တည်ချက်များအပေါ် အာမခံနိုင်၊ အခြေခံနိုင်မှသာလျှင် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ဦးနေဘုန်းလတ်၏ ပြောဆိုချက်အရ သိရသည်။

ထို့အတူ မြန်မာ့အရေးနှင့် ပတ်သက်၍ မလေးရှားနိုင်ငံ၌ ယခုရက်အတွင်း ကျင်းပခဲ့သော ၄၆ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးအပြီး သီးသန့်သဘောထား ကြေညာချက်အပေါ်လည်း NUG က ယမန်နေ့ မေ ၂၈ ရက်၊ ညပိုင်းတွင် သဘောထား ရပ်တည်ချက် ထုတ်ပြန်ခဲ့သည်။

အာဆီယံ၏ အခန်းကဏ္ဍသည် မြန်မာနိုင်ငံအတွက် အလွန်အရေးသည်ဟု ယုံကြည်သလို အရပ်သားများနှင့် အဆောက်အအုံများအပေါ် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်အပါအဝင် စသည့်အာဆီယံ၏ တိုက်တွန်းချက်အား NUG အနေဖြင့် ကြိုဆိုကြောင်း ဖော်ပြထားသည်။

ထို့အပြင် အရပ်သားများ၏ ဘေးကင်းမှုနှင့် လုံခြုံမှုကို တိကျသေချာသော အရေးယူမှုများ ပြုလုပ်နိုင်ရန်အတွက် အာဆီယံ၏ ဦးဆောင်မှုဖြင့် နိုင်ငံတကာမှပါဝင်သော စနစ်ကျသည့် ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ထိန်းသိမ်းရေး ယန္တရားမျိုး ရှိသင့်ကြောင့် ထုတ်ပြန်ချက်အရ သိရသည်။

ယင်းသို့မရှိပါက အရပ်သားများအား ထိရောက်စွာ ကာကွယ်နိုင်မည် မဟုတ်သလို မြန်မာများကိုယ်တိုင် ဦးဆောင်သည့် ရေရှည်တည်တံ့ခိုင်မြဲသော၊ ငြိမ်းချမ်းသော နိုင်ငံရေးဖြေရှင်းမှု ရရှိရန် ကြိုးပမ်းရာတွင် ပြည်သူများ ဦးဆောင်ဆင်နွှဲသော နွေဦးတော်လှန်ရေး၏ အန္တိမရည်မှန်းချက်ပန်းတိုင်ကိုလည်း NUG က ဖော်ပြထားသည်။

စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ပေါ်ထွန်းရေး၊ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ဖော်ဆောင်နိုင်ရေးတို့အတွက် အပြည့်အဝသဘောတူ တာဝန်ယူ၊ တာဝန်ခံနိုင်သော မည်သည့်အဖွဲ့အစည်းနှင့်မဆို ယုံကြည်မှုတည်ဆောက်ရန် အသင့်ရှိဟုလည်း ဆိုသည်။

#မြန်မာ့အရေးဖြေရှင်းရန် #အာဆီယံ၏မူ၅ချက် #အတင်းအကြပ်ဖိအားပေး #ဆွေးနွေးစေခြင်းမျိုးအား #လက်မခံနိုင်ဟု #NUGတုန့်ပြန် #Ayeyarwaddy_Times