ဧရာဝတီတိုင်းမ်
မေ ၂၉ ရက်

ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်) တွင် လာမည့် ၁၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ်ဖြစ်ကာ မိုးကြီးနိုင်ကြောင်း သိရသည်။

ထို့ပြင် မြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက် မိုးလေသက်လေပြင်းကျရောက်ကာ လှိုင်းအလွန်ကြီးမည်ဖြစ်ကြောင်း စစ်ကောင် စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယနေ့ မေ ၂၉ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါမုန်တိုင်းငယ်အရှိန်နှင့် မုတ်သုံလေအားအလွန်ကောင်းနေမှုကြောင့် ယနေ့မေ ၂၉ မှ ဇွန် ၂ ရက်နေ့အတွင်း တိုင်းနှင့်ပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာ၍ နေရာကွက်ပြီးမိုးကြီးနိုင်မည်ဖြစ်ကာ မြစ်ဝကျွန်းပေါ်နှင့်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင်လည်း မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအလွန်ကြီးမည်ဖြစ်ကြောင်းသိရသည်။

မိုးအသင့်အတင့်မှ နေရာကွက်၍ မိုးကြီးခြင်း၊ မိုးသည်းထန်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသက်လေပြင်း တိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်၍ ရေကြီးတတ်သော နေရာများ၊ မြေပြိုတတ်သောနေရာများကို သွားရောက်ခြင်းမှ ရှောင်ရှားရန်လိုပြီး လေပြင်းတိုက်စဉ် သစ်ပင်များ၊ ဓာတ်တိုင်များ၊ ဆိုင်းဘုတ်ကြီးများ၊ အိမ်ခေါင်မိုးများ ပြိုကျနိုင်သည့်အပြင် ယာဉ်မောင်းနှင်ရာတွင်လည်း သတိပြုရန် လိုအပ်သည်။

ထို့ပြင် မုန်တိုင်းငယ်အရှိန်အရှိန်ကြောင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနှင့် ကချင်၊ ကရင်နီ( ကယား)၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုး/ဇလ ထံမှ သိရသည်။

ယင်းပြင် မိုးကြီးမှုကြောင့် ဆက်စပ်ဖြစ်ပေါ်တတ်သည့် မြစ်ရေကြီးခြင်း၊ ရုတ်တရက်ရေလွှမ်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ သစ်ပင်များလဲပြိုခြင်းနှင့် လျှပ်စစ်ဓာတ်အားတိုင်ပြိုခြင်းတို့ကိုသတိထားရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

မြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်ကမ်းရိုးတစ်လျှောက်အပါအဝင် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏမိုး သက်လေပြင်းကျရောက်ကာ လှိုင်းအလွန်ကြီးမည်ဖြစ်ပြီး ရေပြင်/မြေပြင်လေ တစ်နာရီလျှင် မိုင် ၄၀ မှ ၅၀ အထိတိုက်ခတ်နိုင်၍ လိုင်းအမြင့်ပေ ၁၃ ပေမှ ၁၅ ပေခန့်ရှိနိုင်သည်။

ထို့ပြင်မုတ္တမကွေ့၊ မွန် – တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းကျရာက်၍ လှိုင်းအလွန်ကြီးမည်ဖြစ်ကာ တစ်နာရီလျှင် မိုင် ၃၅ မိုင်မှ ၄၀ အထိတိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၉ ပေမှ ၁၃ ပေထိရှိနိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်သည်။

ဓာတ်ပုံ – မိုး/ဇလ
#ဘင်္ဂလားပင်လယ်အော် #အ‌နောက်မြောက်ပိုင်းမုန်းတိုင်းငယ်ဖြစ် #မိုးကြီးမည် #ကမ်းရိုးတန်း‌ဒေသလှိုင်းကြီးမည် #Ayeyarwaddy_Times