
ပဲခူးရိုးမရှိ ကြို့ပင်ကောက် PDF စခန်းစီးနင်းခံရ၊ ၁၉ ဦး ဖမ်းဆီးခံရပြီး ၂၀ ကျော် အဆက်အသွယ်ပြတ်တောက်နေ
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၇ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ ပဲခူးရိုးမအနောက်ခြမ်းပေါ်ရှိ ကြို့ပင်ကောက်မြို့နယ် PDF စခန်း သြဂုတ်လ ၂၅ ရက်နေ့က စီးနင်းခံရပြီး ၁၉ ဦး ဖမ်းဆီးခံရကာ ၂၀ ကျော် အဆက်အသွယ်ပြတ်တောက်နေကြောင်း သတင်းရရှိသည်။
ပဲခူးရိုးမကို စစ်ကြောင်းထိုးလာမည့် စစ်ကောင်စီစစ်ကြောင်းအား သတင်းထောက်လှမ်းခိုင်းထားသည့် ထောက်ပို့လင်မယားနှစ်ဦး ဖမ်းဆီးခံရပြီးနောက် စခန်းစီးနင်းခံရခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် PDF ထံကသိရသည်။
” သြဂုတ်လ ၁၀ ရက်လောက်က စစ်ကောင်စီဘက်ကို ပူးပေါင်းသွားတဲ့ကြို့ပင်ကောက် PDF ၂ ယောက်ရှိတယ်။ သူတို့အဲ့ဒီလိုရောက်သွားလို့ ဒီအရင် စခန်းအဟောင်းကိုနေရာ ပြောင်းထားပြီးသား။ စခန်းအသစ်နေရာကိုစကစ ကမသိဘူး။ အဲ့ဒီနေ့က ပဲခူးရိုးထဲကို စကစ စစ်ကြောင်းလာထိုးမယ်ဆိုတာ သတင်းရထားလို့ သတင်းထောက်လှမ်းဖို့နဲ့
လမ်းကြောင်းမှာမိုင်းဆွဲဖို့အတွက် လမ်းကြောင်းကြည့်ဖို့ကို ထောက်ပို့ လင်မယားနှစ်ယောက်ကို လွတ်လိုက်တာ။ စကစကကောင်တွေနဲ့လမ်းမှာဖမ်းခံရပြီး စခန်းရှိတဲ့နေရာကိုပြခိုင်းတယ်။ စကစကောင် တွေက စခန်းနားကို စခ ၂ ကောင်ဘဲအရင်လွှတ်လိုက်တာ။ ဒီဘက်ကလည်း ၂ ကောင်ထဲဆိုပြီး ဝိုင်းပစ်တော့မှ နေရာသိသွားပြီး
လက်နက်ကြီးတွေနဲ့ထုပြီးအလုံးအရင်းနဲ့ဝင်စီးတာ” ဟု သာယာဝတီခရိုင် PDF တာဝန်ရှိသူတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကြို့ပင်ကောက် PDF စခန်းတွင် PDF အဖွဲ့ဝင် ၅၀ ကျော် ရှိပြီး ၁၉ ဦးဖမ်းဆီးခံရကာ ၂၀ ကျော် အဆက်အသွယ်ပြတ်တောက်နေပြီး ၁၁ ဦး လွတ်မြောက်သွားသည်ဟု သာယာဝတီခရိုင် PDF ကဆိုသည်။
အဆက်အသွယ်ပြတ်တောက်နေသူများမှ PDF ရဲဘော် ၅ ဦးကျဆုံးသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်မပြုနိုင်သေးပါ။
#Ayeyarwaddy_Times