
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မေလ ၂၇ ရက်
တနင်္သာရီ တိုင်း ၊ရေဖြူမြို့နယ် ၊ ကံပေါက် ဒေသတွင် ပြီးခဲ့သည့် မေလ ၂၅ ရက် နေ့လယ် ၁ နာရီ ၁၅ မိနစ်ခန့်တွင် အဘိုးဖြစ်သူ နှင့်အတူ တောထဲသို့ သစ်ချစေ့ရှာရန်သွားသော ကလေးတစ်ဦးသည် ခလရ – ၂၇၃ စစ်ကောင်စီတပ်က ထောင်ထားသည့် မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံး ရှုံးသွားကြောင်း ရွာသားများထံမှ သိရသည်။
စစ်ကောင်စီတပ်က ထောင်ထားသော မိုင်းနင်းမိ၍ ခြေတစ်ဖက်ဆုံးရှုံးသွားသူမှာ ကံပေါက်ရွာ ၊သီရိမင်္ဂလာရပ်ကွက်နေ အသက် ၁၀ နှစ်အရွယ် မောင်အောင်မင်းထွေး ဖြစ်ကြောင်းသိရသည်။
“မိုင်းထိတာက ကံပေါက် – ပယ သွားတဲ့ လမ်းနဘေး ခလရ – ၂၇၃ တပ်ရင်း နဲ့ ပေ ၂၀၀ အကွာ လောက်မှာပါ။ တောထဲမှာ သစ်ချစေ့ သွားကောက်ရင်းဖြစ်တာပါ။ အရင်နေ့က သူ့အဘိုး တစ်ယောက်တည်း သွားကောက်ပြီးပြီ ဘာမှမဖြစ်ဘူး။ နောက်တစ်နေ့ မြေးအဘိုး သုံးယောက် သွားတာမှာဖြစ်တာပါ။ သစ်ချစေ့ ကောက်ပြီး အပြန် ပုခုံးပေါ်မှာထမ်းလာတဲ့ သစ်ချစေ့အထုပ်က အောက်ကိုပြုတ်ကျသွားတယ်။ ပြန်ကောက်တင်လိုက်တဲ့ အချိန် မိုင်းကထပေါက်တာပါ။ မြေးအဘိုးသုံးယောက်မှာ နောက်ဆုံးကလေးကို ထိသွားတာပါ” ဟု သီရိမင်္ဂလာရပ်ကွက်က ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းမိုင်းပေါက်ကွဲ မှုကြောင့် ကလေးမှာ ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရပြီး မောရဝတီရေတပ်ဆေးရုံသို့ အရေးပေါ်တင်ဆောင်သွားပြီး ဒဏ်ရာပြင်းထန်သောကြောင့် ထိုမှတစ်ဆင့် ထားဝယ်မြို့ဆေးရုံကြီးသို့ ထပ်မံပို့ဆောင်ခဲ့ရကြောင်း ဒေသခံရွာသားများထံမှ သိရသည်။
“ကလေးက ခြေမျက်စိအောက် နားက တစ်ပိုင်းလုံးပြတ်သွားတာ။ အခုက အရေးပေါ် အခန်း မှာ ခွဲစိတ်ကုသမှုပြုလုပ်ပြီးပါပြီ။ ရရှိထားတဲ့ ဒဏ်ရာနဲ့ အနာရှိန်ကြောင့် အဖျားဝင်နေတယ်”ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးကဆက်လက်ပြောကြားသည်။
ထိုသို့ပေါက်ကွဲခဲ့သည့် မိုင်းသည် ယမန်နှစ်က ကံပေါက် – ပယ သွားလမ်း မြေဖြူတောင်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲ ဂိတ်ချစဥ်က ထောင်ခဲ့သော မိုင်းများဖြစ်ကြောင်း စစ်တပ် သတင်းရင်းမြစ်များထံမှ သိရသည်။
“အဲဒီ အနား မှာ တပ်စွဲ ဂိတ်ချ စဥ်က ထောင်ထားတဲ့ မိုင်းတွေပါ။ မိုင်းတွေ ထောင်ထားတာက များတယ်။အလုံး ၃၀ လောက်ရှိတယ်။ အဲ့ဒီ ပတ်ပတ်လည်မှာပေါ့လေ။ ပြန်မဖြုတ်တော့ဘဲ စွန့်ပစ်မိုင်း အနေနဲ့ထားလိုက်တာပါ။ စစ်တပ်အခေါ် ကတော့ အဲဒီမိုင်းကို ပလပ်စတစ် မိုင်းလို့ခေါ်တယ်။ မပေါက်ကွဲသေးတဲ့ မိုင်းတွေအများကြီးရှိနေလို့ တောထဲကို လုံးဝမသွားသင့်ဘူး” ဟု တပ်တွင်း သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကံပေါက်် ဒေသတွင် ၂၀၂၄ ခုနှစ် နှောင်းပိုင်းကစ၍ မြေမြှုပ်မိုင်း နင်းမိသည့် ဖြစ်စဥ်များ ရှိလာကာ မိုင်းနင်းမိမှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံလေးဦး ဒဏ်ရာရရှိထားသည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
ပုံစာ-မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ဆုံးရှုံးသွားသော မောင်အောင်မင်းထွေး။
#ကံပေါက် #သစ်ချစေ့သွားကောက် #စစ်ကောင်စီတပ် #မိုင်းနင်းမိ #ကလေးတစ်ဦး #ခြေတစ်ဖက်ဆုံးရှုံး #Ayeyarwaddy_Times