
ဧရာဝတီတိုင်းမ်
မေ ၂၄ရက်
လာမည့်ရက်သတ္တပတ်တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးပွဲ မကျင်းပမီ မြန်မာပြည်တွင်းစစ်နှင့် ပတ်သက်၍ အစည်းအဝေးနှစ်ခုကို မလေးရှားနိုင်ငံတွင် ကျင်းပမည် ဖြစ်ကြောင်း အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ကာအိုကင်ဟွန် (Kao Kim Hourn) က ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ (မေ ၂၁ ရက်) က ပြောဆိုခဲ့သည်။
ပထမအကြိမ်အစည်းအဝေးတွင် လက်ရှိဥက္ကဋ္ဌ (မလေးရှား)၊ ယခင်ဥက္ကဋ္ဌ (လာအို) နှင့် လာမည့်ဥက္ကဋ္ဌ (ဖိလစ်ပိုင်) နိုင်ငံတို့ ပါဝင်မည်ဖြစ်ပြီး ဒုတိယအကြိမ် အစည်းအဝေးတွင်မူ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
“ဒါက မြန်မာနိုင်ငံအတွက် အထူးအာရုံစိုက်ရမယ့် အကြောင်းအရာတစ်ခုဖြစ်ပြီး အခြားကိစ္စရပ်တွေ ပါဝင်မှာမဟုတ်ဘူး” ဟု အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ကာအိုကင်ဟွန်က ပြောကြားခဲ့သည်။
သို့သော် အစည်းအဝေးတွင် မည်သည့် အကြောင်းအရာများကို ဆွေးနွေးမည်ဖြစ်ကြောင်းကိုမူ ၎င်းက ပြောဆိုထားခြင်း မရှိပေ။
အာဆီယံအနေဖြင့် အာဆီယံငြိမ်းချမ်းရေးသဘောတူညီချက် ငါးချက် (Five Point Consensus) ကို လိုက်နာရန် စစ်ကောင်စီကို ပြောဆိုထားသော်လည်း တိုးတက်မှုတစ်စုံတစ်ရာ မရှိသေးခြင်းကြောင့် စစ်ကောင်စီကိုအာဆီယံနှင့် သက်ဆိုင်သည့် အစည်းအဝေးများ တက်ရောက်ခွင့် တားမြစ်ထားကြောင်း သိရသည်။
လာမည့် ၄၆ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို မေလ ၂၆ ရက်နှင့် ၂၇ ရက်နေ့များတွင် မလေးရှားနိုင်ငံ၌ လက်ခံကျင်းပသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ /ကိုကား – Reuters
#မြန်မာ့အရေးဆွေးနွေး #အစည်းအဝေး၂ခုကျင်းပမည် #အာဆီယံအတွင်းရေးမှူးချုပ် #Ayeyarwaddy_Times