
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မေ ၂၄ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ အခြေစိုက်တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ဦးသည် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ထွက်ပြေးလာပြီး ပြီးခဲ့သော မေလ ဒုတိယပတ်က လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပကဖ (LLPDF) ထံ အလင်းဝင်ရောက်လာကြောင်း သိရသည်။
အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သားသည် ထားဝယ်မြို့အခြေစိုက် ခမရ – ၄၀၁ တပ်ရင်းမှဖြစ်ပြီး လက်နက်ခဲယမ်းအပြည့်စုံဖြင့် LLPDF ထံအလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရသည်။
“အဲဒီ စစ်ကောင်စီတပ်သား ကသူ့ဟာသူ၀င်လာတာဗျ ။ကျွန်တော်တို့က သူတောထဲလမ်းပျောက်နေတာ ၄ ရက်လောက်ကြာနေပြီ ထမင်းမစားရသေးဘူးဆိုပြီး အရပ်သားတစ်ယောက်ကို အကူအညီတောင်းလို့သိရတာ။ အဲတော့မှကျွန်တော်တို့အဖွဲ့တွေသွားရှာပြီးခေါ်လာတာပါ။ အခုလက်ရှိတော့ သူ့အနေနဲ့ဘာဆက်လုပ်ရမလဲမသိသေးဘူးဗျ။ ကျွန်တော်တို့ကတော့သူဖြစ်ချင်တဲ့ပုံစံအတိုင်းစီစဉ်ပေးသွားမှာပဲ့ဖြစ်တယ်”ဟု LLPDF၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ရှဲဒိုး က ဧရာဝတီတိုင်းမ်ကိုပြောသည်။
လက်နက်နဲ့ အတူ အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သား၏ ဆုံးဖြတ်ချက်ကို ဂုဏ်ပြုသောအားဖြင့် ကနဦးတွင် ဆုကြေးငွေ သိန်းသုံးဆယ် ချီးမြှင့်ပေးထားကြောင်းသိရသည်။
လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ တာဝန်ရှိသူနှင့်အဖွဲ့သည် အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သား ကို နွေးထွေးစွာ ကြိုဆို၍ လက်ရှိတွင် ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားကြောင်း သိရသည်။
ထို့ပြင် ၎င်းတို့၏ ဆန္ဒအလျောက် လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း LLPDF တာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။
ပုံစာ-လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်ရောက် လာသော စစ်ကောင်စီတပ်သား ။
#ထားဝယ် #ခမရ၄၀၁တပ်ရင်း #စစ်ကောင်စီတပ်သား #လက်နက်အပြည့်အစုံ #LLPDF #အလင်းဝင် #Ayeyarwaddy_Times