ဧရာ၀တီတိုင်းမ်
မေ ၂၂ ရက်

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အေဝမ်းလမ်းတွင်နေထိုင်သည့် ဗိုလ်ချုပ် ချိုထွန်းအောင်ကို ယနေ့ မေ ၂၂ ရက် နံနက်ပိုင်းက ၎င်း၏နေအိမ်ရှေ့တွင် Golden Valley Warriors မြို့ပြပြောက်ကျားအဖွဲ့က ပစ်ခတ်ခဲ့ရာ နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။

ဗိုလ်ချုပ် ချိုထွန်းအောင်သည် နေပြည်တော်၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (NDC) တွင် စစ်ဘက်ဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချနေသူဖြစ်ပြီး ၎င်းကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် ဝဏ္ဏကျော်ထင်ဘွဲ့ပေးအပ်ထားကြောင်း Golden Valley Warriors အဖွဲ့က ထုတ်ပြန်သည်။

“လေးချက်ပစ်ခံရပြီး နေရာမှာပဲ သေသွားပါတယ်။ စစ်ဆေးရုံကို သယ်သွားပါတယ်”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပြီးခဲသည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က ဗိုလ်ချုပ် ချိုထွန်းအောင်ကို ၎င်းကိုယ်တိုင် ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်နှင့် ရွှေ ၅ ကျပ်သားဂုဏ်ပြုဆု ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ် ချိုထွန်းအောင်သည် NDC တွင် နိုင်ငံတော်လုံခြုံရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဘာသာရပ်နှင့် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ် နှစ်ခုကို သင်ကြားပေးနေသူဖြစ်ပြီး NDC သည် စစ်တပ်၏ ဗိုလ်မှူးကြီးအဆင့်မှ စတင်တက်ရောက်ရသည့် အရေးပါသည့် အဆင့်မြင့် စစ်သင်တန်းကျောင်းတစ်ခုဖြစ်သည်။

ဗိုလ်ချုပ် ချိုထွန်းအောင်သည် ကမ္ဘောဒီးယားနိုင်ငံ သံအမတ်အဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်ချိန်မှစ၍ စစ်တပ်အရာရှိကြီးများကို စစ်ဘက်ဆိုင်ရာ သင်ကြားမှုများကို သင်ကြား ပေးနေသူဖြစ်ကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အားထားရသူများထဲတွင် တစ်ဦး အပါအဝင်ဖြစ်ကြောင်း Golden Valley Warriors ထံမှ သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းအားကိုးရသည့် စစ်ဗိုလ်ချုပ်ဟောင်းများ၏ အကြံဉာဏ်ကိုလည်းရယူ၍ ပြည်သူ့စစ် မဟာဗျူဟာကို စစ်မှုထမ်းဟောင်းအဖွဲ့အင်အားဖြင့် လုပ်ဆောင်လျက်ရှိရာ အဆိုပါအဖွဲ့၏ တိုင်းအဆင့်ခေါင်းဆောင်များတွင် ဗိုလ်ချုပ် ချိုထွန်းအောင်လည်း ပါဝင်ကြောင်း သိရသည်။

Golden Valley Warriors အဖွဲ့အနေဖြင့် စစ်တပ်၏ အကြီးစားဒေါက်တိုင်များကို စဉ်ဆက်မပြတ် ဖြိုဖျက်ရန် သတင်းထောက်လှမ်းလျက်ရှိပြီး အကြမ်းဖက်လေတပ် လေယာဉ်မှူးများ၏ အချက်အလက် များကိုလည်း စုဆောင်းလျက်ရှိကာ ရန်ကုန်မြို့ပြပေါ်တွင် ပြည်သူများနှင့်အတူ တစ်သားတည်း ရှိနေပြီး အကြမ်းဖက်စစ်တပ်၏ ဒေါက်တိုင်များကို ပြည်သူ့အားနှင့် ဖြိုချကာ တိုက်ပွဲကို အနိုင်ယူမည်ဟု ဆိုထားသည်။

ဓာတ်ပုံ-Golden Valley Warriors
ပုံစာ-ဗိုလ်ချုပ် ချိုထွန်းအောင် ကို တွေ့ရစဉ်။
#စစ်ဘက်ဆိုင်ရာဘာသာရပ်များ #သင်ကြားပေးနေသူ #ဗိုလ်ချုပ်ချိုထွန်းအောင် #နေအိမ်ရှေ့ #ပစ်ခတ်ခံရ #Ayeyarwaddy_Times