
ဧရာဝတီတိုင်းမ်
မေ ၂၀ ရက်
တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူမြို့နယ်အတွင်းရှိ မင်းတပ်တောင်စခန်းကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ကြောင်း သိရသည်။
ယမန်နေ့ မေ ၁၉ ရက် ညပိုင်းကတည်းက တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ၏ မင်းတပ်တောင် စခန်းကုန်းကို ယနေ့ မေ ၂၀ ရက်နေ့ နံနက်ပိုင်းအစောပိုင်းတွင် AA က သိမ်းယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“မနေ့က ညပိုင်းကတည်းက စခန်းသိမ်းလိုက်တယ်လို့လည်း သိရတယ်။ ဖမ်းဆီးရမိနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုတွေအတွက် ဒီမနက်ပိုင်းမှ သတင်းထွက်လာတယ်လို့ ထင်ပါတယ်”ဟု ရခိုင်စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် ၎င်းစခန်းကုန်းအနီးရှိ စက်မှုလက်မှုသင်တန်းကျောင်းတွင် ကင်းပုန်းချထားသည့် စစ်ကောင်စီ စခန်းတစ်ခုကိုပါ သိမ်းပိုက်လိုက်ကြောင်း ဒေသတွင်းသတင်းများ၏ ဖော်ပြချက်အရ သိရသည်။
AA သည် ပြီးခဲ့သည့် မေလ ၁ ရက်မှစ၍ ကျောက်ဖြူ-ရမ်းဗြဲကားလမ်းမပေါ်ရှိ မင်းတပ်တောင် အထိုင်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် တိုက်ပွဲများရှိနေခဲ့သည်။
အဆိုပါမင်းတပ်တောင်စခန်းတွင် စစ်ကောင်စီ၏ ခမရ ၅၄၂၊ ခမရ ၅၄၃ နှင့် ခလရ ၃၄ မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အင်အားစုဖွဲ့နေရာယူထားခြင်းဖြစ် ကြောင်း သိရသည်။
တိုက်ပွဲအတွင်းသို့ စစ်ကောင်စီ၏ ဓညဝတီရေတပ်စခန်းမှ လက်နက်ကြီးများ၊ ရေတပ်စစ် သင်္ဘောများမှလက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ကူတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
ဓာတ်ပုံ-အင်တာနက်
#ရခိုင် #ကျောက်ဖြူ #မင်းတပ်တောင်စခန်း #AA #သိမ်းပိုက် #Ayeyarwaddy_Times