မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ဗျူဟာကုန်းကို AA ထိုးစစ်ဆင်တိုက်ခိုက်သဖြင့် တိုက်ပွဲပြင်းထန်နေ၊ အသက် ၆၀ အရွယ် အဘွားအိုတစ်ဦး လက်နက်ကြီးထိမှန်သေဆုံး

ဧရာဝတီတိုင်းမ်

သြဂုတ်လ ၂၇ ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ခမောင်းဆိပ်မြို့အနီးရှိ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်ရဲ ဗျူဟာကုန်းတစ်ခုအား ရက္ခိုင့်တပ်တော် – AA က ယမန်နေ့ (သြဂုတ်လ ၂၆ ရက်) နေ့မှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်ရဲဗျူဟာကုန်းအား AA က ယမန်နေ့ နေ့လည် ၂ နာရီခန့်က စတင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့တစ်နေ့လုံး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံက သိရသည်။

“တောင်ကုန်းမှာရှိတဲ့ နယ်ခြားစောင့် ဗျူဟာကုန်းကို AAကနေ စတိုက်တာ။ အရင်တုန်းက စစ်သားတွေလည်း အဲ့ဒီဗျူဟာကုန်မှာနေတယ်။ စစ်သားတွေ ထွက်သွားကြာပြီ။ အခုက နယ်ခြားစောင့်ရဲတွေပဲ ရှိတော့တယ်” ဟု ခမောင်းဆိပ်မြို့ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မောင်တောမြို့နယ် မြောက်ပိုင်းတွင် ယနေ့ (ဩဂုတ် ၂၇) မနက်ပိုင်းက စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီးမှာ မင်းကြီးကျေးရွာအတွင်း ကျရောက် ပေါက်ကွဲမှုကြောင့် ကျေးရွာအတွင်းရှိ အသက် ၆၀ အရွယ်အဘွားအိုတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ကျနော်တို့ရွာနားမှာ တိုက်ပွဲဖြစ်တာမရှိဘူး။ စစ်ကောင်စီတပ်ကတော့ မနေ့က တိုက်ပွဲဖြစ်ခဲ့တဲ့ ခမောင်းဆိပ်ဗျူဟာဘက် လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်နေတယ်။ အဲ့ဒီလက်နက်ကြီးကျလို့ အဘွားအို တစ်ယောက် သေဆုံးသွားတယ်”ဟု မင်းကြီးကျေးရွာသားတစ်ဦးက ပြောသည်။

မောင်တောမြို့နယ်တွင် စစ်ကောင်စီနှင့် AA တပ်များ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ရာနှင့်ချီသော ခမောင်းဆိပ်ဒေသခံများမှာ အဝတ်အထည်ကိုယ်တစ်ခုဖြင့် ရေနောက်သား ကျေးရွာ၊ သစ်တုံးနားခွဆုံကျေးရွာနှင့်အခြား‌ကျေးရွာများသို့ ထွက်ပြေးနေရပြီး စားနပ်ရိက္ခာနှင့် အမိုးအကာ နေစရာအခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

ဓာတ်ပုံ – AA Info Desk

#မောင်တော #စစ်ကောင်စီ #ဗျူဟာကုန်း #AA #အသက်၆၀ #အဘွားအို #လက်နက်ကြီး #သေဆုံး

#Ayeyarwaddy_Times