
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၁၂ ရက်
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်းနှင့်တွေ့ဆုံရာတွင် ၎င်း အာဏာသိမ်းပြီးနောက် ကြန့်ကြာနေသည့် ကီလိုမီတာ ၁၇၀၀ ရှည်လျားသော တရုတ်-မြန်မာစီးပွားရေးစင်္ကြံ(CMEC) တွန်းအားပေးလုပ်ရန် ပြောဆိုခဲ့ပြီး စစ်ခေါင်းဆောင်ကမူ နယ်မြေ အများစု စစ်ရှုံးကိစ္စကို ထည့်သွင်းရှင်းပြခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံတွင် ပြုလုပ်သော ရင်ပြင်နီအောင်ပွဲသို့ သွားရောက်ခဲ့သည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယင်းခရီးစဥ်အတွင်း တရုတ်သမ္မတနှင့် တွေ့ဆုံခွင့်ရစဥ် နယ်မြေအများစု စစ်ရှုံးကိစ္စကို ထည့်သွင်းရှင်းပြခဲ့ပြီး တရုတ်စီမံကိန်းနှင့် ဝန်ထမ်းများ၏ လုံခြုံရေး အာမခံခဲ့ကြောင်း သိရသည်။
“မြန်မာနိုင်ငံက ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေတွေလည်း အကြမ်းဖျင်း ကျွန်တော်ရှင်းပြနိုင်ခဲ့ပါတယ်။ နောက်တစ်ခုက တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံ အကောင်အထည်ဖော် မြှင့်တင်ရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးဖြစ်ခဲ့ပါတယ်” ဟု စစ်ခေါင်းဆောင်က ဝါဒဖြန့် မီဒီယာကို ပြောသည်။
လက်ရှိတွင် စစ်ခေါင်းဆောင် ဦးဆောင်သော စစ်ကောင်စီသည် ခုခံတော်လှန်မှုများကြောင့် နိုင်ငံ တစ်ဝန်း မြို့ပေါင်းများစွာနှင့် စစ်ဌာနချုပ်၊ ဗျူဟာကုန်း၊ တပ်စခန်းများကို လက်လွှတ် ဆုံးရှုံးထားရပြီး ၎င်းတို့ရုံးစိုက်ရာ နေပြည်တော်အထိ စစ်ရေးခြိမ်းခြောက်ခံနေရသောကြောင့် တရုတ်ထံ အကူအညီ တောင်း တိုင်ကြားခြင်းမျိုးဖြစ်နိုင်ကြောင်း နိုင်ငံရေးသုံးသပ်လေ့လာသူ တစ်ဦးက သုံးသပ် ပြောကြားသည်။
တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများအား နက်ရှိုင်းစွာ ဆောင် ရွက်၍ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အရေးကြီးသော စီမံကိန်းများ တည်ဆောက်မှုကို အဆက်မပြတ် တွန်းအားပေးလုပ်ဆောင်ရမည်ဟု တရုတ်သမ္မတက ပြောဆိုကြောင်း သိရသည်။
စစ်ခေါင်းဆောင်သည် အာဏာသိမ်းပြီးနောက် တရုတ်အပါအဝင် အာဏာရှင်နိုင်ငံတချို့၏ ထောက်ခံ ကူညီမှု ရရှိခဲ့သော်လည်း တရုတ်သမ္မတနှင့် တွေ့ခွင့်ရမှုသည် ယခုအကြိမ် ပထမဆုံးဖြစ်ပြီး ယင်းမတိုင်ခင် တရုတ်အစိုးရ တာဝန်ရှိသူများကလည်း CMEC နှင့် စီမံကိန်းများ အကောင် အထည်ဖော်ရန် တိုက်တွန်းမှုရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် တရုတ်သမ္မတက မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်း၊ အဖွဲ့အစည်း၊ စီမံကိန်းများ၏ ဘေးကင်းလုံခြုံမှုကို သေချာအာမခံပေးရန်၊ အွန်လိုင်းလောင်းကစားနှင့်လိမ်လည်မှု စသည့်နယ်စပ် ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများကိုလည်း တိုးမြှင့်တိုက်ဖျက်သွားရန် မျှော်လင့်သည်ဟု စစ်ခေါင်းဆောင်ကို ပြောဆိုခဲ့ကြောင်း သိရသည်။
အလားတူ စစ်ခေါင်းဆောင်ကလည်း မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနှင့် ဝန်ထမ်းများ၏ ဘေးကင်း လုံခြုံမှုအား တတ်စွမ်းသမျှ အာမခံပေးသွားမည်ဖြစ်ပြီး ယခုနှစ်ကုန်တွင် ၎င်းပြုလုပ်ရန် ပြင်ဆင်နေ သော လူထုထောက်ခံမှုမရှိသည့် ရွေးကောက်ကိစ္စကိုပါ ထည့်သွင်းပြောဆိုခဲ့ကြောင်း ဝါဒဖြန့် မီဒီယာများ၏ ထုတ်ပြန်ချက်အရ သိရသည်။
“အရင်ပြောဆိုထားတဲ့ အချက်တွေကို ခေါင်းဆောင်ပိုင်းက ထပ်အတည်ပြုတာပါပဲ။ ၂၀၂၃ ခုနှစ် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ ခရီးစဉ်ကတည်းက တရုတ်သဘောထား အထိုင်ပြန်ချခဲ့တယ်။ နေပြည် တော်ကို ရပ်တည်ပေးတယ်။ မြန်မာကို မလုပ်ရတဲ့စည်းတွေ တားတယ်” ဟု စစ်ရေးအကဲခတ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ CMEC သည် တရုတ်သမ္မတ ၂၀၁၃ ခုနှစ်က စတင်ကြေညာခဲ့သည့် ခေတ်သစ်ပိုးလမ်းမကြီး အစီအမံ(BRI)၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ပြီး ယူနန်ပြည်နယ်ရှိ ကူမင်းမြို့နှင့် မြန်မာနိုင်ငံရှိ စီးပွားရေးအချက်အချာ မြို့များဖြစ် မူဆယ်၊ မန္တလေး၊ ရန်ကုန်၊ ကျောက်ဖြူတို့ကို ချိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် စီးပွားရေးစင်္ကြံတစ်လျှောက်တွင်လည်း အထူးစီးပွားရေးဇုန်၊ ဆိပ်ကမ်း၊ အဆင့်မြင့် နယ်စပ်ဂိတ်၊ ကုန်လှောင်ရုံ၊ စက်မှုဇုန်များနှင့် ကုန်စည်သယ်ယူရေး လမ်းကြောင်းများ တည်ဆောက် သွားမည် ဖြစ်သော်လည်း စစ်ရေးအခြေအနေကြောင့် လက်ရှိအထိ ဖော်ဆောင်မရ ကြန့်ကြာနေလျက် ရှိကြောင်း သိရသည်။
ဓာတ်ပုံ-စစ်ကောင်စီ
#တရုတ်သမ္မတ #CMEC #စစ်ခေါင်းဆောင် #နယ်မြေအများစု #စစ်ရှုံး #Ayeyarwaddy_Times