
ဧရာဝတီတိုင်းမ်
(ရွှေကျင်)၊ မေ ၁၂ ရက်
တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ခဲ့သည့် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက် ကျေးရွာအခြေစိုက် ခမရ-၅၉၈ တပ်ရင်းကို ယမန်နေ့ မေ ၁၁ ရက်နေ့တွင် စစ်ကောင်စီက ပြန်လည်နေရာယူခဲ့ကြောင်း ၎င်းတို့ပိုင် ဝါဒဖြန့် မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။
တော်လှန်ရေးတပ်ဖွဲ့များသည် မေလ ၈ ရက်နေ့ တိုက်ပွဲအတွင်းတွင်ပင် ရွှေကျင်အခြေစိုက် ခမရ-၅၉၈ တပ်ရင်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတပ်ရင်းမှ တပ်ဖွဲ့ဝင်များမှာ စခန်းစွန့်ခွာ ထွက်ပြေးသွားကြခြင်းဖြစ်သည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ အဆိုပါတပ်ရင်းကိုသိမ်းပိုက်နိုင်ပြီးနောက်တွင် စခန်းတွင်းရှိ လက်နက်ခဲယမ်းများကို သိမ်းယူနိုင်ခဲ့ပြီး ခမရ-၅၉၈ တပ်ရင်းမှာလည်း ပျက်စီးနေသည့် အဆောက် အအုံများသာ ကျန်ရှိတော့ကြောင်း သိရသည်။
“ရန်သူက နိုင်ငံရေးအရတော့ ရအောင်ပြန်ယူမှာပဲ။ အခွံပဲချန်ထားပေးပြီး ဖြတ်တောက်ရေး နယ်မြေစိုးနိုင်ရေးပဲ လုပ်နေကြပါတယ်။ စခန်းထဲမှာ ယူစရာယူပြီး အပျက်စီးနဲ့ အလောင်းတွေပဲ ရှိပါတယ်။ မနေ့ညကတော့ စခန်းနားကို အင်အားအလုံးရင်းနဲ့ရောက်လာတယ်လို့တော့သိရပါတယ်” ဟု ပဲခူးတိုင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိ ပဲခူးတိုင်းရှိ စစ်တောင်းမြစ်ဝှမ်းဒေသတွင် စစ်ကောင်စီအနေဖြင့် မြို့ပေါ်ဒေသများ နှင့် ၎င်းတို့တပ်ရင်းဌာနချုပ်များတွင်သာ နယ်မြေစိုးမိုးထားနိုင်သည့် အနေအထားတွင်ရှိနေကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေးကြေညာထားချိန်တွင် တော်လှန်ရေးတပ်ဖွဲ့များသည် ၎င်းတို့ကို သာလွန်အင်အားဖြင့် လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဆိုထားသည်။
အဆိုပါ ခမရ-၅၉၈ တပ်ရင်းကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက သိမ်းနိုင်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ဦး၏ အလောင်းကိုရရှိကာ စစ်သုံ့ပန်းနှင့်တပ်မိသားစုဝင် ၁၃ ဦးကိုအရှင် ဖမ်းဆီးရမိခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ် မျိုးစုံ ၁၀၀ ဝန်းကျင်ကိုလည်း သိမ်စဆည်းရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – NUG၊ MOD
ပုံစာ – သိမ်းဆည်းရမိခဲ့သည့်လက်နက်ခဲယမ်းများ
#ရွှေကျင် #ခမရ၅၉၈ #စစ်ကောင်စီ #ပြန်လည်နေရာယူ #တိုက်ပွဲ #Ayeyarwaddy_Times