ဧရာဝတီတိုင်းမ်
မေ ၁၂ ရက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ စာသင်နေသည့်ကျောင်းသား၊ ကျောင်းသူနှင့် ဆရာမများအပါအ၀င် ၄၀ ဦးနှင့်အထက် သေဆုံးနိုင်ကြောင်း သိရသည်။

စစ်ကောင်စီသည် ယနေ့ မေ ၁၂ ရက်နေ့ နံနက်ပိုင်းက စာသင်နေသည့် စာသင်ကျောင်းပေါ်သို့ ရည်ရွယ်ချက်ရှိရှိဖြင့် ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူကလေးငယ်များနှင့် ဆရာမများပါ ထိခိုက်သေဆုံးသူများပြားကြောင်း ဒီပဲယင်း ဒေသခံများထံမှ သိရသည်။

“ကယ်ဆယ်ရေးလုပ်နေတုန်းပဲ။ ဒီနေ့မနက် ၁၀ နာရီဝန်းကျင်မှာ အလယ်တန်းကျောင်းတည့်တည့်ကို ဗုံးကြဲသွားတာ။ သေဆုံးမှုက ၄၀ အထက်မှာရှိနိုင်တယ် “ဟု ဒီပဲယင်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စာသင်ကျောင်းပေါ်သို့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လတ်တလောသိရသည့် သတင်းအရ ကျောင်းသား ၁၁ ဦးနှင့် ဆရာမ နှစ်ဦးသေဆုံးကြောင်း သိရပြီး အသေးစိတ်အခြေ အနေများကို ဧရာဝတီတိုင်းမ်အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။

“အလယ်တန်းကျောင်းတည့်တည့်ကို ဗုံးကြဲတာ။ ဗုံးသီးက အများကြီးမဟုတ်ဘူး။ ပေါင် ၅၀၀ တစ်လုံးတည်းနဲ့ကျောင်းတည့်တည့်ကိုကြဲသွားတာ” ဟု မြေပြင်ရှိ မြေပြင် ဒေသခံ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါစာသင်ကျောင်းသည် အမျိူသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာန၏ ကြားကာလ ပညာရေးစနစ်ဖြင့် ဒေသခံကလေးငယ် ကျောင်းသား၊ ကျောင်းသူများကို သင်ကြားပေး နေသည့် ကျောင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အလောင်းများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ဒေသခံများမှ ရှာဖွေကယ်ဆယ်ရေးများပြု လုပ်လျက်ရှိပြီး စစ်ကောင်စီက လေကြောင်းပျံသန်းမှု များပြုလုပ်နေသဖြင့် အသေးစိတ်အခြေအနေကို မသိရသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

#စစ်ကိုင်း #ဒီပဲယင်း #အိုးထိန်းတွင်းရွာ #စာသင်ကျောင်း #စစ်ကောင်စီလေကြောင်း #ဗုံးကြဲ #ကလေးငယ်၁၁ဦး #ဆရာမ၂ဦး #သေဆုံး #Ayeyarwaddy_Times