ဧရာဝတီတိုင်းမ်
မေ ၁၁ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကပ်မှော်ဇွပ်ရွာတွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၈ရက်နေ့က ကပ်မှော်ဇွပ်ဘုန်းကြီးကျောင်းနှင့် ဆုတောင်းတောင်တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်သည် စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း ဒေသခံ သတင်းရင်းမြစ်ထံမှ သိရသည်။

ဆုတောင်းတောင်စခန်းတွင် ပြည်သူ့စစ်နှင့် စစ်ကောင်စီ၏ အမှတ်(၃) ခြေလျင်တပ်မဟာ (စကခ-၃) မှ ထုတ်နှုတ်အင်အားများ ပူးပေါင်းထားခြင်းဖြစ်ပြီး စွန့်ခွာထွက်ပြေးသွားသည့် အဆိုပါတပ်ကို KIA က လိုက်လံတိုက်ခိုက်သည့်အတွက် ကပ်မှော်ဇွပ်ရွာအနီး တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

“ဖားကန့်ကိုရောက်ဖို့တော့လိုပါသေးတယ်။ နန့်တိန်း၊ ကျောက်ဖျာ၊ လယ်ပြင်ရွာတွေကို ဖြတ်ရဦးမှာပါ။ နန့်ယားအလွန် ကပ်မှော်ဇွပ်မှာ လတ်တလော တိုက်ပွဲရှိနေတယ်။ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်သား‌ေတွ တပ်ဆုတ်နေရတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ပြီးခဲ့သည့် မေ၁ရက်နေ့က နန့်ယားကျေးရွာအနီး ခင်တောင်ရွာသို့ရောက်ရှိကာ လက်နက်ကြီးများဖြင့် နန့်ယားပတ်ဝန်းကျင်ကို ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီသည် စစ်အင်အားထောင်ချီသုံး၍ စစ်ကြောင်းများခွဲကာ ဖားကန့်ကို စစ်ကြောင်း ထိုးလာပြီး နောက် တိုက်ပွဲများပြင်းထန်လာခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဖားကန့်ရှိ လဝါး၊ နန့်ယား၊ ကပ်မှော်ဇွပ်၊ ဆိုင်းဖရာ၊ နမ်တိန်၊ လုန်ဘရာ၊ စွန်ဆိုဇွပ်နှင့် စဘော့ကျေးရွာတို့မှ ဒေသခံ ၂၃၀၀ ကျော် စစ်ရှောင်နေရကြောင်း သိရသည်။

ပုံစာ-KIA တပ်ဖွဲ့ဝင်များ(ပုံဟောင်း)

#ဖားကန့် #စစ်ကောင်စီတပ်ဆုတ် #KIA #တိုက်ပွဲ #Ayeyarwaddy_Times