ဧရာဝတီတိုင်းမ်
မေ ၁၁ ရက်

သက်ကြီးရွယ်အိုများထောက်ပံ့ပေးရေးအတွက် အသက် ၈၅ နှစ်ပြည့်ပြီးသူပုဂ္ဂိုလ်များ အနေဖြင့်လူမှုရေးပင်စင်ထုတ်ရန်အပါအဝင် ကိုယ်ဝန်ဆောင်မိခင် နှင့် ၎င်း၏အသက် ၂ နှစ်အောက် ကလေးများထောက်ပံ့ငွေရရန်အတွက် မေ ၃၁ ရက်နေ့နောက်ဆုံးထားပြီးစာရင်းပေးရမည်ဖြစ်ကြောင်း စစ်ကောင်စီထံမှ သိရသည်။

စစ်‌ကောင်စီသည် ယခုနှစ်အစပိုင်းက ၂၀၂၄ – ၂၀၂၅ ဘဏ္ဍနှစ် ဘတ်ဂျက်ဖြင့်ထောက်ပံ့ပေးမည်ဟု ပြောကြားပြီးနောက် ယခု မေလတွင် စာရင်းတောင်းယူခြင်းဖြစ်ပြီး အဆိုပါစာရင်းကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး (သို့မဟုတ်) နီးစပ်ရာလူမှုဝန်ထမ်းရုံးများတွင် စာရင်းပေးရမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ စာရင်းသွင်းရာတွင် ၁၉၄၀ ခုနှစ် ဧပြီ ၁ ရက်နေ့ ၊ တပေါင်းလဆုတ် ၁၀ ရက်မတိုင်မီမွေးဖွားခဲ့သည့် အသက် ၈၅ နှစ်ပြည့်ပြီးသူများ လူမှုရေးပင်စင်ခံစားခွင့် တစ်လ ၁၀,၀၀၀ ကျပ်ဖြင့် သုံးလတစ်ကြိမ် ၃၀,၀၀၀ ကျပ် ‌ရရှိမည်ဖြစ်ကြောင်းသိရသည်။

” အရင်အစိုးရတွေက ထောက်ပံ့ကြေးရဖူးတယ်။ စစ်ကောင်စီ တက်လာပြီးမှ ဘာထောက်ပံ့ကြေး ပေးသံကိုမှ မကြားဘူး။ ပေးရင်တော့ကောင်းတာပေါ့။ အဘိုးရှိတုန်းကတော့ ရဖူးတယ် “ဟု ရန်ကုန်မြို့နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ကိုယ်ဝန်ဆောင်မိခင် နှင့် ၎င်း၏အသက် ၂ နှစ်အောက်ကလေးသူငယ်များကို ငွေကြေး ထောက်ပံ့‌ပေးရေး အစီအစဉ်တွင် ကရင်ပြည်နယ်၊ ကရင်နီ ( ကယား) ပြည်နယ်၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရှမ်းပြည်နယ် နှင့် ဧရာဝတီတိုင်းအတွင်းနေထိုင်သူများ ထောက်ပံ့ငွေရရှိမည် ဖြစ်ကြောင်း သိရသည်။

ထို့သို့ ထောက်ပံ့ငွေရရှိမည့်သူများမှာ ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်နေ့အတွင်း ကိုယ်ဝန်ဆောင် ဖြစ်ရမည်ဖြစ်ပြီး ၎င်းမှမွေးဖွားထားသူ အသက် ၂ နှစ်အောက်ကလေးသူငယ်များအတွက် တစ်လလျှင် ၁၅,၀၀၀ကျပ် ဖြင့် သုံးလစာရမည်ဖြစ်ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်းမှ စနတင်ကာ အထွေထွေစီးပွားရေးကျပ်တည်းမှုနှင့် အလုပ်အကိုင်ရှာပါးမှုကြောင့် ဆင်းရဲမွဲတေမှု မြင့်တက်လာပြီး မွေးကင်းစကလေးသူငယ်ချီကာတောင်းရမ်းစားသောက်ရသူများ၊ ကလေးသူငယ်တောင်းစားသူများနှင့် သက်ကြီးရွယ်အိုတောင်းစားမှုပိုမိုများလာကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုဦးရေ ၆ ဒသမ ၃ သန်းကျော်ရှိပြီး ယင်းထဲမှ အသက် ၈၅နှစ်နှင့်အထက် သက်ကြီးရွယ်အို ၂၄၈,၉၁၁ ဦးရှိကြောင်းပြည်သူ့အင်အားဦးစီးဌာနထံမှ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန််ကြီးဌာနသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့က နေ့ရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ပြည်သူများ၊ စစ်ဘေးရှောင်များထဲက သက်ကြီးရွယ်အိုများကို ငွေကြေးထောက်ပံ့ခဲ့ ပေးကြောင်း သိရသည်။

ဓာတ်ပုံ – NUG, Ayeyarwaddy Times
#သက်ကြီးရွယ်အို #အသက်၈၅နှစ်အထက် #ကိုယ်ဝန်ဆောင်မိခင် #၂နှစ်အောက်ကလေး #ထောက်ပံ့ကြေးပေးမည် #စစ်ကောင်စီ #Ayeyarwaddy_Time