ဧရာဝတီတိုင်းမ်
မေ ၁၁ ရက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာ ၅ ရွာခန့်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် ၁၆ ဦးကျော် သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယနေ့ မေ ၁၁ ရက်နေ့ နံနက်ပိုင်းနှင့် ယမန်နေ့ မေ ၁၀ ရက် ညနေပိုင်းတို့တွင် ဝက်လက်မြို့နယ်ရှိ ရွာတော်ကုန်း၊ ရွှေပန်းကုံး၊ သစ်ဆိမ့်ကြီး၊ အောင်မြေ၊ မဲတောကုန်း စသည့်ကျေးရွာများကို တိုက်လေ ယာဉ်များဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စပါးကျီတွေရော နေအိမ်တွေရော မီးလောင်တယ်။ အိမ်ထဲရှိနေသူတွေလည်း မီးလောင်ထားလို့ ရုပ်ပျက်ပြီး အလောင်းတောင် ကြည့်မရတဲ့အခြေအနေတွေပါ။ ခေါင်းတွေပွင့်ထွက်ကုန်တာရော အခြေအနေတွေ ဆိုးရွားပါတယ်”ဟု ဝက်လက်မြို့နေ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယမန်နေ့ညက ရွာတော်ကုန်းကျေးရွာတွင် ဒေသခံ ၉ ဦးနှင့် ယ‌နေ့ နံနက်ပိုင်းတွင် ရွှေပန်းကုံးကျေးရွာမှ ဒေသခံ ၇ ဦးတို့ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအများအပြားရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ ညနေပိုင်းက ရွာတော်ကုန်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းဆရာမတစ်ဦးအပါအဝင် ပြည်သူ ၉ ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်၏ ဗုံးဒဏ်ကြောင့် ပြည်သူအချို့မှာ ခန္ဓာကိုယ်များ အပိုင်းပိုင်း ပြတ်တောက်သွားသူများနှင့် ဦးခေါင်းပွင့်ထွက်၍ သေဆုံးခဲ့ကြသူများရှိကြောင်း သိရသည်။

ယမန်နေ့ည မေ ၁၀ ရက်နေ့က သေဆုံးခဲ့သည့် ရုပ်အလောင်းများကို ညတွင်းချင်း သင်္ဂြိုဟ်ခဲ့ရပြီး သေဆုံးသူအများစုမှာ အမျိုးသမီးများဖြစ်ကြောင်း သိရသည်။

ပုံစာ-စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ပြီးနောက် မြင်တွေ့ရသည့် ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာများမြင်ကွင်း။
#စစ်ကိုင်း #ဝက်လက်ကျေးရွာ #စစ်ကောင်စီဗုံးကြဲ #အမျိုးသမီး #ကလေးငယ်#၁၆ဦးထက်မနည်း #သေဆုံး #Ayeyarwaddy_Times