
ချောင်းသာကမ်းခြေက တောများထဲတွင် PDF များရောက်ရှိနေသည်ဟု သတင်းရ၍ စစ်ကောင်စီတပ်များ အပူတပြင်းလိုက်ရှာနေ
ဧပရယ်နှင်း/ဧရာ၀တီတိုင်းမ်
(ချောင်းသာ) ၊ဩဂုတ်လ ၂၇ ရက်
ဧရာဝတီတိုင်း၊ ချောင်းသာကမ်းခြေရှိ တောများထဲတွင် စစ်ကောင်စီ၏ သတင်းပေး(ဒလန်)များက PDF များးရောက်ရှိနေသည်ဟု သတင်းပေးမှုကြောင့် ဩဂုတ်လ ၂၅ရက်နေ့က စတင်ကာ စစ်ကောင်စီတပ်များ အပူတပြင်းလိုက်လံရှာဖွေနေကြောင်း သတင်းရရှိသည်။
ဩဂုတ်လ ၂၅ရက်နေ့ကစတင်ကာ ချောင်းသာမြို့အတွင်း ကန်စွန်းချောင်းရွာအနီးရှိ တောင်များ၊ ဥတိုရွာအနီးရှိတောင်များတွင် စစ်ကောင်စီတပ်များက PDF များအား လိုက်လံရှာဖွေနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
” ၂၅ ရက်နေ့ ညနေပိုင်းထဲက ရဲတွေရော စစ်သားတွေရောတော်တော်များတယ်။ PDF တွေ့တယ်ဆိုပြီး တောင်ပေါ်တက်ရှာကြတယ်။ ၂၆ရက်နေကလည်း ခဏခဏ လာလာကြည့်တယ်။ မနေ့က ၂၆ရက်နေ့ နေ့လည်ပိုင်းလောက်ကတော့ ကားအများကြီးနဲ့လာသွားတယ်။ တောလမ်းမှာတော့ ပွိုင့်ကားကို အသံမထုတ်ဘူး။ ချောင်းသာမြို့ထဲလောက်မှ
ပွိုင့်ကားအသံထုတ်မောင်းသွားတယ်” ဟု ချောင်းသာဒေသခံ တစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ပြီးခဲ့သည့်နှစ် ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း စစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ယာဥ်တန်း တိုက်ခိုက်ခံရပြီးနောက် ပုသိမ် – ချောင်းသာကားလမ်းဘေးရှိ တောများထဲတွင် ၃ ကြိမ်တိုင် PDF များကို လိုက်လံရှာဖွေခဲ့သော်လည်း ဖမ်းမိခဲ့ခြင်းမရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
#ချောင်းသာ #PDF #တော #စစ်ကောင်စီ #လိုက်လံရှာဖွေ
#Ayeyarwaddy_Times