ကျိုက်ထိုတွင် ယာဥ်တန်းလုံခြုံရေးစောင့်နေတဲ့ စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးဟုဆို

နိုင်း၊ ဧရာဝတီတိုင်းမ်

(ကျိုက်ထို)၊ ဩဂုတ်လ ၂၇ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်စံပြရွာအုပ်စု၊ မရမ်းချောင်အောက်စု၊ဥသျှစ်ခြံကွေ့အနီး ဩဂုတ် ၂၆ ရက် ယမန်နေ့ မနက် ၆ နာရီဝန်းကျင်တွင် စစ်ကောင်စီယာဉ်တန်းအား လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။

စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးနေရာတွင် သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ်အတွင်းလှုပ်ရှားနေသည့် Ko Ngal Lay ပြောက်ကျား တပ်ဖွဲ့မှထုတ်ပြန်ထားပြီး KNU၊KNLA၊PDF ပူးပေါင်းတပ်ဖွဲဲ့များဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အထိနာသည့်စစ်ကောင်စီတပ်က အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံအမျိုးသား ၁၀ ဦးအားဖမ်းဆီးခေါ်ဆောင်သွားပြီး ယမန်နေ့ညနေပိုင်းတွင်ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။

“အဲ့လိုသူတို့မိုင်းဆွဲခံရပီးဆို အနားက ခရီးသွား ဒေသခံတွေကိုဖမ်းလေ့ရှိတယ်၊ ဒိုင်းကာလိုသုံးတာပေါ့၊ မိန်းမတွေဆိုရင်တော့ပြန်လွှတ်ပီး ယောကျာ်းတွေဆိုရင်တော့ သူတို့သွားမယ့်အန္တရာယ်ကင်းတဲ့အထိဖမ်းခေါ်သွားကြတယ်” ဟု ဒေသခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကျိုက်ထိုမြို့နှင့်စစ်တောင်းကြားတွင် မိုင်းဆွဲတိုက်ခိုက်မှုများ၊ နှစ်ဖက်ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွား‌နေပြီး ဩဂုတ်လ ၂၄ ရက်နေ့ကလည်း မုပ္ပလင်ရွာအနီးတွင် စစ်ကောင်စီယာဉ်တန်း နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသဖြင့် ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြောက်ကျားအဖွဲ့ကထုတ်ပြန်ထားသည်။

#AyeyarwaddyTimes