
ဧရာဝတီတိုင်းမ်
(မိုးဗြဲ)၊ မေ ၂ ရက်
ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့သို့ စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီလ နောက်ဆုံးပတ်မှ စတင်ကာ အင်အားအများအပြားသုံး၍ တဖန်ပြန်လည် စစ်ကြောင်းထိုးလာကြောင်း ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
စစ်ကောင်စီသည် မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ စစ်အင်အား ၁၀၀၀ ဝန်းကျင်အထိ အင်အားဖြည့်တင်းထားကြောင်းသိရပြီး PNO ပြည်သူ့စစ်တပ်ဖွဲ့များ အသုံးပြု၍လည်း ထပ်မံ အင်အား ဖြည့်တင်းရန် ပြုလုပ်နေကြောင်း သိရသည်။
“သူတို့(စစ်ကောင်စီ)ကတော့ မိုးဗြဲမြို့ကိုရအောင်ကြိုးစားပြီး ထိုးစစ်ဆင်မယ့်သဘောမျိုးရှိတယ်လို့ ယူဆမိတယ်။ လက်ရှိအခြေနေတော့ ငြိမ်နေတယ်။ စစ်တပ်ဘက်ကတော့ ထုံးစံအတိုင်း လက်နက်ကြီး ပစ်တာပေါ့” ဟု ရှမ်းတောင်စစ်ဒေသခွဲ၊ PDFဗျူဟာအမှတ်(၁) ပြောရေးဆိုခွင့်ရှိသူက ဧရာဝတီတိုင်းမ် ကို ပြောသည်။
စစ်ကောင်စီသည် မိုးဗြဲကို လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းများပြုလုပ်ကာ အပြင်းအထန်ထိုးစစ်ဆင်နေသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များမှ သိမ်းပိုက်ထားသည့် စခန်းငယ်အချို့ကို လက်လွှတ်ခဲ့ရမှုများ ရှိနေကြောင်းလည်း သိရသည်။
“မိုးဗြဲမှာကတော့ ဧပြီလနောက်ဆုံးအပါတ်မှာစစ်ကောင်စီဘက်က အပြင်းအထန် ပြန်ပြီးတော့ မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ရေး သူတို့ကြိုးစားနေတယ်ပေါ့နော်။ စစ်ကြောင်းတွေအပြင်းအထန် ထိုးနေ တယ်။ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ဒါကို ပြန်ပြီးတော့မှ အပြင်းအထန်တိုက်ခိုက်နေရတဲ့ အခြေအနေမျိုးဖြစ်ပါတယ်”ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြီးခဲ့သည့် ဧပြီ ၂၇ ရက်နေ့က မိုးဗြဲမြို့ရှိ ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့ရပြီး အဆိုပါနေ့တိုက်ပွဲတွင်ပင် မိုးဗြဲ PDF အမှတ်(၁၀၀၁)တပ်ရင်း၊ ကျွဲချိုတပ်ခွဲမှ ရဲဘော်မောင်ကျော်ရှိန်ကျဆုံးခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် မိုးဗြဲမြို့အတွင်း နှစ်ဖက်စစ်ရေးတင်းမာနေသည့်အတွက် ပြည်သူများအနေဖြင့် မိုးဗြဲမြို့ အတွင်း ဖြတ်သန်းသွားလာခြင်းမပြုရန် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက သတိပေးပြောဆို ထားသည်။
ဓာတ်ပုံ – South Shan Tactical Operation Command -1-PDF ၊ Mobye People Defense Force
#မိုးဗြဲ #တိုက်ပွဲ #စစ်ကောင်စီ #စစ်ကြောင်းထိုး #ကရင်နီ #Ayeyarwaddy_Times