ဧရာဝတီတိုင်းမ်
ဧပြီ ၃၀ရက်

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်နှင့် လေး မျက်နှာမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်နေသည့် အတွက် လူအင်အားလိုအပ်ချက်အရ စစ်ကောင်စီနှင့် ၎င်းတို့ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးများပေါင်းပြီး လူသစ်စု ပေါ်တာဆွဲကာ အင်အားစုဆောင်းနေကြောင်း သိရသည်။

အာရက္ခတပ်တော် (AA) ၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေသည့် ရေကြည်နှင့်လေး မျက်နှာမြို့အစပ် မယင်းကူး၊ ဂွေးတောက်၊ ကွင်းချောင်း၊ မိဿလင်၊ ရွာသစ်ကြီး၊ သက်ကယ်ပြင်တို့မှ စစ်ကောင်စီနှင့် အုပ် ချုပ်ရေးမှူးများပေါင်းပြီး စစ်မှုထမ်းတပ်သားသစ်များ အတင်းအဓမ္မစုဆောင်းနေသည့်အတွက် ဒေသခံများ ထွက်‌ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ပေါ်တာဝင်ဆွဲတယ်။ တိုက်ပွဲအရှိန်မြင့်လာတာနဲ့ စစ်တပ်ကဗုံးကြဲလို့ ရွာတွေမှာမနေရဲတော့ဘဲ မြို့ပေါ်နဲ့ ရန်ကုန်ဘက်ကို ရွာသားတွေပြောင်းရွှေ့ကုန်ကြပြီ”ဟု ပုသိမ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် အုပ်ချုပ်ရေးမှူးအချို့သည် စစ်မှုထမ်းထောက်ပံ့ကြေးဟုဆိုကာ ငွေကြေးသိန်းရာနှင့်ချီ ကောက်ခံထားပြီး ငွေတိုးချ အတိုးပေးစားကာ ကိုယ်ကျိုးအတွက် အသုံးပြုမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

အုပ်ချုပ်ရေးမှူးအချို့သည်လည်း တံဆိပ်တုံးကို အိမ်မှာ ထားခဲ့ကာ နေအိမ်ရှိမိသားစုဝင်များကို အုပ်ချုပ်ရေးပိုင်းလွှဲထားပြီး ၎င်းတို့ကမူ ရေကြည်နှင့် လေးမျက်နှာမြို့ပေါ်များတွင် အိမ်ငှားနေ၍ ရှောင်တိမ်းနေကြကြောင်း သိရသည်။

ဧရာဝတီတိုင်းအတွင်း ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးတချို့သည် နုတ်ထွက်စာတင်ထားကြ သော်လည်း စစ်ကောင်စီက နုတ်ထွက်ခွင့်မပြုဘဲ လူသစ်စုဆောင်းခိုင်းပြီး ငွေကြေးထောက်ပံ့ ခိုင်းနေကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆန္ဒပြပြည်သူများက်ို အကြမ်းဖက်ဖြိုခွင်းနေစဥ်

#ဧရာဝတီတိုင်း #တိုက်ပွဲနေရာ #စစ်ကောင်စီ #အုပ်ချုပ်ရေးမှူး #ပေါ်တာဆွဲ #ဖမ်းဆီး #ထောက်ပံ့ကြေး #ကောက်ယူ #ငွေတိုးပေးစား #Ayeyarwaddy_Times