ဆန်စပါး အဓိကစိုက်ပျိုးရာ ဧရာဝတီတိုင်းမှာ ပေါ်ဆန်းမွှေးတစ်ပြည်လျှင် ကျပ် ၃၀၀၀ ဝန်းကျင်အထိ ပေါက်စျေးရှိနေ

ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၆ ရက်

ဆန်စပါး အဓိကစိုက်ပျိုးရာ ဧရာဝတီတိုင်းမှာ ပေါ်ဆန်းမွှေးတစ်ပြည်လျှင် ကျပ် ၃၀၀၀ ဝန်းကျင်အထိ ပေါက်စျေးရှိနေတယ်လ်ို့ ပုသိမ်မြို့ခံ ဆန်ရောင်းချသူ​တွေဆီက သိရပါတယ်။

လက်ရှိမှာ ပေါ်ဆန်းမွှေးတစ်အိတ်ကို ကျပ် ၆၉၀၀၀ – ၇၃၀၀၀ ဝန်းကျင် ပေါက်စျေးရှိနေပြီး ရွှေသွယ်တစ်အိတ်လျှင် ကျပ် ၅၂၀၀၀ ဝန်းကျင်၊ ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၄၅၀၀၀ ဝန်းကျင်အထိ သိရပါတယ်။

” ပေါ်ဆန်းမွှေးတစ်ပြည်ကို သုံးထောင်၊ သုံးထောင်ကျော်အထိ ပေးပြီးဝယ်စားနေရတယ်။ အသွယ်က တစ်အိတ်ကို ၅သောင်း ၂ ထောင်ဆိုတော့ ၂၂၀၀၊ ၂၃၀၀ လောက်နဲ့ ဝယ်နေရပြီ။ အကြမ်းနဲ့ ဆန်ကွဲကစျေးချင်းအတူတူဖြစ်နေတယ်။ တစ်အိတ် ၄သောင်းခွဲဆိုတော့လေ။ တစ်ပြည်ကို ၁၈၀၀ ၁၉၀၀ ၂၀၀၀ ဝန်းကျင်ဆိုတော့ တစ်နေ့လုပ်တစ်နေ့စားသမားတွေ တော်တော်အဆင်မပြေဖြစ်ကြတယ်။ ဆီစျေးရော ဘာစျေးရော အကုန်တက်နေတာဆိုတော့” လို့ ပုသိမ်မြို့ခံ အိမ်ရှင်မတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ဆန်ဆိုင်အချို့မှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၉၆၀၀၀ကျပ်နံ စျေးအမြင့်ဆုံးဖြစ်တယ်လို့ ဆန်ရောင်းချသူအချို့က ဆိုပါတယ်။

ခုလိုဆန်ဈေးအပြင် အခြေခံစားသောက်ကုန်များဈေးမြင့်တက်နေမှုကြောင့် လက်လုပ်လက်စား အခြေခံလူတန်းစားများ စားဝတ်နေရေးကြပ်တည်းလျှက်ရှိနေ​တယ်လို့ပုသိမ်၊ ဟင်္သာတ၊ မအူပင် မြို့ခံများကပြောပါတယ်။

“အလုပ်က တစ်လလုံးမှ တစ်သိန်းခွဲလောက်ကျန်တာ အရင်ကပေါ်ဆန်းစားနိုင်သေးတယ် ခုပေါ်ဆန်းမပြောနဲ့ဆန်ကြမ်းတစ်ပြည်ကို ၂၅၀၀နီးပါးဖြစ်နေပြီးမငတ်ဖို့ပဲ စားနေရသလိုဖြစ်နေပြီ။လက်လုပ်လက်စားတွေ အငတ်ဘေးဆိုက်မဲ့ပုံဖြစ်နေတယ်”လို့ မအူပင်မြို့က ဒေသခံတစ်ဦးကပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်ကျော်ကာလအတွင်း စက်သုံးဆီစျေး ၂ ဆ ကျော်မြင့်တက်လာမှု၊ စိုက်ပျိုးရေးသွင်းအားစုများ ၃ ဆကျော် စျေးတက်နေမှုတို့ကြောင့် အခြေခံစားသောက်ကုန်စျေးနှုန်းမှု လက်ရှိပေါက်စျေးထက် ထပ်မံမြင့်တက်လာနိုင်သေးတယ်လို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်ထားပါတယ်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ဧရာဝတီ #ပေါ်ဆန်းမွေး #ဆန်ကြမ်း
#Ayeyarwaddy_Times